ဆွာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၆ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊ ဂွေးသဲကျေးရွာနဲ့လယ်သာရွာကြား ရှမ်းတဲဘုရားအနီးမှာ မတ် ၂၈ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်နဲ့ သံတောင်မြောက်ပိုင်း (NTDF) တပ်ဖွဲ့တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး၊ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆွာမြို့အခြေစိုက် ခမရ-၁၉ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ NTDF တပ်ဖွဲ့တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားပြီးနောက် NTDF တပ်ဖွဲ့ဝင်တွေက ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ကျေးရွာလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာနေတဲ့ ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂွေးသဲကျေးရွာသားတဦးက “စစ်တပ်က နယ်လှည့်ပြီး လှုပ်ရှားနေတော့ ဒေသကာကွယ်ရေးအဖွဲ့နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ တိုက်ပွဲဖြစ်တာတော့ ခဏလေးပဲဖြစ်တာ။ စစ်တပ်က အထိနာသွားတယ်။ စစ်တပ်က လမ်းသွားနေတဲ့ အမျိုးသားတဦးကိုပါ အပြစ်မရှိဘဲ ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပဲခူးရိုးမတလျှောက် သွားလာလှုပ်ရှားနေကာ သစ်မှောင်ခိုကားတွေနဲ့ ကျေးရွာအတွင်း သစ်လုပ်ငန်းလုပ်ကိုင်သူတွေဆီက အတင်းအဓမ္မ ငွေတောင်းယူတာတွေရှိပြီး အခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံကျေးရွာသားတွေကို အကြမ်းဖက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။
ဦးကိုကြီး ဦးဆောင်တဲ့ သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့ (NTDF) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ကာ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။