ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အသစ် ၃၀၀၀ ကျော် ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ပိုးတွေ့လူနာတွေထဲက ၃၆၁ ယောက်ကတော့ RT-PCR စစ်ဆေးမှုနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး ၂,၇၂၂ ယောက်ကတော့ Antigen စစ်ဆေးမှုနဲ့ တွေ့ရှိခဲ့တာလို့ ထိုင်းကူးစက်ရောဂါဆိုင်ရာ ကော်မတီက ပြောပါတယ်။
ပိုးတွေ့လူနာသစ် ၃,၀၈၃ ထဲမှာတော့ အများစုက အိုမီခရွန်ပိုးတွေ့လူနာတွေဖြစ်ပြီး သေဆုံးသူ ၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုကူးစက်မှုတွေဟာ လုပ်ငန်းခွင်တွေ၊ ဆေးရုံတွေ၊ ဈေးတွေ၊ ရွှေ့ပြောင်းအလုပ်သမားစခန်းတွေ၊ စားသောက်ဆိုင်တွေစတဲ့ လူစုလူဝေးများတဲ့ နေရာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ များခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ကြား အပိုင်းအခြားကတော့ ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး သူ့ နောက်မှာတော့ ၂၅ နှစ်ကနေ ၃၅ နှစ်ကြားဖြစ်ကာ ၁၅ နှစ်အောက် ကူးစက်မှုနှုန်းကတော့ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ်အတွင်း ချင်းမိုင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်းကတော့ ၁၀,၇၄၇ ယောက်ထိ ရှိနေတာ ဖြစ်ပါတယ်။
မျိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်က ပလတ်စတစ်မျက်နှာပြင်ပေါ် နာရီ ၂၀၀ နီးပါး ရှင်သန်နေထိုင်နိုင်တယ်လို့ ထိုင်းဆေးပညာရှင်တွေက သတိပေးထားပါတယ်။
ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်ဟာ အရင်က တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်တွေထက် လူ့အရေပြားနဲ့ ပလတ်စတစ်ပေါ်မှာ ဘယ်လောက်ကြာကြာ ရှင်သန်နေနိုင်တယ်ဆိုတာကို သိပ်မကြာခင်က လေ့လာသုတေသနပြုမှုကနေ ရရှိလာတဲ့ တွေ့ရှိချက်မှာ ခုလိုဖော်ပြလိုက်တာပါ။
ချူလာလောင်ကွန် တက္ကသိုလ် ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်စင်တာ ဌာနမှူး ဒေါက်တာသီရဝပ် ဟီမချူဒါက အိုမီခရွန်ဗိုင်းရပ်စ်ဟာ အစမူလ ဝူဟန်မှာ တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ထက် ၄ ဆပိုပြီးတော့ ရှင်သန်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။
အဆိုပါ သုတေသနအရ လူ့အရေပြားမှာထက် ပလတ်စတစ်ပေါ်မှာ အဆ ၂၀ ပိုမိုကြာရှည် ရှင်သန်နေထိုင်နိုင်တယ်လို့လည်း ဆိုပါတယ်။
“မူလ ဝူဟန်မှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ပလတ်စတစ်ပေါ်မှာ အချိန် ၅၆ နာရီ ရှင်သန်နိုင်တယ်၊ ဂမ်မာမျိုးကွဲကတော့ ၅၉ ဒသမ ၃ နာရီ၊ ဒယ်လ်တာမျိုးကွဲကတော့ ၁၁၄ နာရီ၊ ဘီတာက ၁၅၆ နာရီ၊ အယ်လ်ဖာက ၁၉၁ ဒသမ ၃ နာရီနဲ့ အိုမီခရွန်ကတော့ ၁၉၃ ဒသမ ၅ နာရီကြာ ရှင်သန်နေနိုင်တာကို တွေ့ရပါတယ်”လို့ ဒေါက်တာ သီရဝပ်က ပြောပါတယ်။
လူ့အရေပြားပေါ်မှာတော့ ဝူဟန်ဗိုင်းရပ်စ်က အချိန် ၈ ဒသမ ၆ နာရီ ရှင်သန်နေနိုင်ပြီး ဂမ်မာက ၁၁ နာရီ၊ ဒယ်လ်တာက ၁၆ ဒသမ ၈ နာရီ၊ ဘီတာက ၁၉ ဒသမ ၁ နာရီ၊ အယ်လ်ဖာ က ၁၉ ဒသမ ၆ နာရီနဲ့ အိုမီခရွန်ကတော့ ၂၁ ဒသမ ၁ နာရီထိ ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ သီရဝပ်က “အိုမီခရွန်က ကူးစက်ခံရတဲ့ လူနာတွေမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ မပြပေမယ့် နေအိမ်နဲ့ အလုပ်က စားပွဲ၊ ကုလားထိုင်၊ တံခါးလက်ကိုင်လို မျက်နှာပြင်တွေကို မကြာခဏ သန့်ရှင်းဖို့က အရေးကြီးပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု လျော့ကျစေဖို့ လူတိုင်း လက်ကို ပုံမှန်ဆေးကြောတာ ပုံမှန်ဆက်ပြီးတော့ လုပ်ဆောင်သွားသင့်တယ်”လို့လည်း ပြောပါတယ်။
ဒါ့အပြင် နေအိမ်တွေမှာ အသုံးပြုတဲ့ အထွေထွေပိုးသတ်ဆေးက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို မျက်မှာပြင်ပေါ်ကနေ ၁၅ စက္ကန့်အတွင်း ဖယ်ရှားပေးနိုင်ပြီး အလားတူ အီသနော ဒါမှမဟုတ် အယ်လ်ကိုဟော ၃၅ ရာခိုင်နှုန်းဟာ လူ့အရေပြားပေါ်က ဗိုင်းရပ်စ်ကို ၁၅ စက္ကန့်အတွင်း သေစေနိုင်တယ်လို့ သူက ဆိုပါတယ်။