မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်တွေမှာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ခရီးသွားပြည်သူ ၂ ယောက်ကို စစ်အုပ်စုက PDF သတင်းပေး၊ PDF ထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ကံရွာဘက်ကနေ ဂန့်ဂေါမြို့ဘက်ကို ထွက်လာတဲ့ ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာတဲ့ ဒေါ်လှလှမြင့်ကို ဇန်နဝါရီ ၁၆ ရက် မနက် ၈ နာရီလောက်မှာ စစ်အုပ်စုတွေက PDF ထောက်ပံသူဆိုပြီး စွပ်စွဲဖမ်းဆီးကာ ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်လို့ ဂန့်ဂေါမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပေါက်မြို့ သရက်တောဂိတ်မှာလည်း ပခုက္ကူဘက်ကနေ ထွက်လာတဲ့ ခရီးသည်တင်ကားပေါ်ကနေ ကိုဇောဘွေးကို ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ PDF သတင်းပေးဆိုပြီး စစ်အုပ်စုက စွပ်စွဲဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့ ဒေသခံတယောက်က ပြောပါတယ်။
“ပေါက်မြို့နယ်မှာတော့ သရက်တောဂိတ်က အဆိုးဆုံးပဲဗျ။ ယောဒေသနဲ့ ချင်းတောင်ကိုတက်မယ့် ကားတွေကို အစားအသောက်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူခွင့်တွေ တားမြစ်ကန့်သတ်ထားသလို စစ်(...)တွေက ပြည်သူတွေဆီကနေ မတရား ငွေညှစ်နေကြသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်။”
စစ်ကောင်စီတပ်သားတွေဟာ သူတို့ စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေမှာလည်း အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုသလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၅၉၀ ယောက်ရှိပြီး အဲဒီထဲက ၂,၁၃၉ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးနဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှာတော့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးဖြစ်သူ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကို အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “PDF ထောက်ပံ့လို့ဆိုပြီး ဖမ်းတာ၊ အယောက် ၂၀ ကျော်လောက်ရှိတယ်။ ကျန်တဲ့သူတွေကိုတော့ စစ်နေတုန်း။ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးရယ် လုပ်ငန်းရှင် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရယ် သူတို့ ၃ ယောက်ကိုတော့ အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်လိုက်ပြီ” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးဖြစ်သူ မကေသီဝင်းနဲ့အတူ ဒေသခံလုပ်ငန်းရှင်တွေဖြစ်တဲ့ မဆွေဆွေလှိုင်နဲ့ ကိုမျိုးမျိုး ဆိုသူကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာပါ။
ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး တဦးကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-(ည) နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ခန္တီးခရိုင်တရားရုံးက မဖူးဖူးဆိုသူ အမျိုးသမီးကို PDF ထောက်ပံ့တယ်လို့စွပ်စွဲပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် အမိန့်ချလိုက်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
“ဒီနေ့ညနေ ၃ နာရီက စစ်ကောင်စီလက်အောက်ခံ ခန္တီးခရိုင်တရားရုံးက မဖူးဖူးကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချတယ်။ အခုလို အမိန့်ချတာ များတယ်။ မတရားဘူးလို့ ခံစားရတယ်။ မဖူးဖူးကို PDF တွေ ထောက်ပံ့တယ်ဆိုပြီး ထောင်ဒဏ် ၁၀ နှစ် ချတာ။ သူက ဈေးရောင်းတာဆိုတော့ ငွေတွေလည်းရှိတယ်။ ဒါကို PDF တွေ ထောက်ပံ့တယ်ဆိုပြီး မတရားပုဒ်မတပ်ပြီး ထောင်ချတယ်။”
မဖူးဖူးကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ခန္တီးမြို့ပေါ် မိုင်းရပ်ကွက် နေအိမ်မှာ ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ တရားစွဲတာ ဖြစ်ပါတယ်။