ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာမှာ ဧပြီ ၁၈ ရက် ဒီနေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပနေချိန် ဖယ်ခုံမြို့အခြေ စိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ဒီမနက် လွယ်ပေါမှာ PDF သင်တန်းဆင်းပွဲလုပ်နေတာကို စစ်တပ်က ဘယ်လို သတင်းရသွားလည်း မသိဘူး၊ ဖယ်ခုံဘက်ကနေ လက်နက်ကြီးနဲ့ လေး ချက်ပစ်လာတယ်" လို့ ပြောပါတယ်။
စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ လွယ်ပေါရွာအတွင်းနဲ့ စေတီကုန်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ပြည်သူလူထုနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာမှာကျင်းပတဲ့ PDF တပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာအနီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁၀ နာရီ ဝန်းကျင်က ချင်းပုန်းကျေးရွာအနီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတွေသင်တန်းဆင်းပွဲ ပြုလုပ်နေတာဖြစ်ပါတယ်။
အဲဒီအချိန်မှာ စစ်ကောင်စီဘက်က MI35p အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၄ စီး နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ရှင်းပုန်းကျေးရွာမှာတပ်စွဲ ထားပြီး နေအိမ်တွေကို ပစ်ခတ် မီးရှို့နေတာကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြရသလို ကျေးရွာအတွင်း ပိတ်မိနေတဲ့ လူတွေလည်း ရှိတယ်လို့ သိရပါတယ်။