အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက်၊ တမူး PDF တပ်ရင်း-၃ ရဲ့ နာမည်၊ အမှတ်တံဆိပ် (logo) ကို အသုံးပြုပြီး တချို့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက ကိုယ်ရေးကိုယ်တာ အကောင့်တွေ၊ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမည်အမျိုးမျိုးနဲ့ ပြည်သူလူထုထံမှ ငွေကြေးလိမ်လည်ကောက်ခံတာ၊ အလွဲသုံးစား ပြုလုပ်တာတွေ ရှိနေတယ်လို့ တမူး PDF အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်ပါးစေ လက်နက်ကိုင်တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တပ်ဖွဲ့ဝင် အယောင်ဆောင်ကာ တမူး-ကလေး အာရှလမ်းမကြီးတလျှောက်ရှိ ကျေးရွာတချို့နဲ့ လမ်းမတွေပေါ်မှာ သတင်းအချက်အလက်တွေ စုံစမ်းထောက်လှမ်းတာ၊ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ဓားပြတိုက် လုယက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကလည်း ပန်းသာကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွား အပြစ်မဲ့ပြည်သူ မိန်းကလေးတချို့ကို ဖမ်းဆီးကာ မုဒိမ်းကျင့် စော်ကားတာတွေ ပြုလုပ်ခဲ့ကြပြီး မိသားစုဝင်တွေကို ငွေကြေးနဲ့ ပြန်ရွေးယူခိုင်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ကြောင်း တမူး PDF တပ်ရင်း-၃ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ကလေးမြို့ဘက်ကနေ တမူးမြို့ဘက်ကို အပြန် တမူးမြို့နယ် ပန်းသာကျေးရွာမှာ မိန်းကလေးတချို့ကို စစ်ကောင်စီ ဂိတ်စခန်းတခုမှာ ၅ ရက်ကြာဖမ်းဆီးပြီး ဖမ်းဆီးခံရတဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်တယ်။ ပြီးရင် မိဘတွေဆီ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းပြီး လွှတ်ပေးလိုက်တယ်။ ကျနော်တို့တပ်ရင်းရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး အလှူငွေကောက်ခံနေကြတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကိုလည်း ပြင်းထန်စွာ အရေးယူမယ်။”
တမူး PDF တပ်ရင်း-၃ အနေနဲ့ အဲဒီလို ပြုမှုဆောင်ရွက် ရမ်းကားနေသူတွေကို အမြစ်ဖြတ် သုတ်သင်ရှင်းလင်းသွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ သူတို့ရဲ့လက်ပါးစေ အဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုသတင်း အချက်အလက်တွေ ရရှိပါက အချိန်မရွေး သတင်းပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင် တိုက်ထုတ်ချေမှုန်းနိုင်ဖို့ မိမိတို့ တပ်ရင်း-၃ ရဲ့ နယ်မြေစိုးမိုးရေးအတွက် အဓိက စစ်ရေးလှုပ်ရှားရာ နယ်မြေတွေဖြစ်တဲ့ ရန်ငြိမ်းအောင်ကျေးရွာ၊ နန်းမွန်းတားကျေးရွာ၊ ခွန်မွန်းနွံကျေးရွာ၊ ရန်လင်းဖိုင်ကျေးရွာနဲ့ ဝိတုတ်ကျေးရွာတွေ အနီးတဝိုက်ကို ညီနောင်မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ အကြောင်းအမျိုးမျိုးနဲ့ လှုပ်ရှားသွားလာပါက တစုံတရာ မှားယွင်းပစ်ခတ်မှုတွေ မဖြစ်ပေါ်စေဖို့အတွက် မိမိတို့ PDF တပ်ရင်း-၃ တာဝန်ရှိသူတွေထံ ကြိုတင်သတင်းပေးပို့ အသိပေး အကြောင်းကြား ဆက်သွယ်ပြီးမှ လှုပ်ရှားသွားလာကြဖို့ တမူး PDF တပ်ရင်း-၃ က အသိပေး မေတ္တာရပ်ခံထားပါတယ်။
PDF အယောင်ဆောင်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ် ပစ္စည်းလုယက်သူ ၃ ဦးကို MPDF ဂန့်ဂေါ တပ်ဖွဲ့ကနေ စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မဲကျေးရွာမှာနေထိုင်တဲ့ လင်မယားနှစ်ယောက်ကို ဖမ်းဆီးပြီး ယောကျ်ားဖြစ်သူကို သတ်ဖြတ်ခဲ့ကာ အမျိုးသမီးဖြစ်သူကို ဖမ်းဆီးသွားပြီးတဲ့နောက် ဖမ်းခံရတဲ့ အမျိုးသမီးက ထွက်ပြေးလွတ်မြောက်သွားပြီး အခုလို ဖော်ထုတ်နိုင်ခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ MPDF ဂန့်ဂေါက စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် ကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးခဲ့ရာမှာ နောက်ထပ် ခိုးမှုပေါင်း ၁၂ ခုကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်သူတွေဟာ PDF တွေကို အထင်မြင်လွဲမှားစေဖို့ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ် ကြံသာကျေးရွာက ပျူစောထီး ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လုပ်ခဲ့ရတာလို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ MPDF ဂန့်ဂေါအဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို လွှဲအပ်ခဲ့တယ်လို့လည်း MPDF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။