အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံကို တရားဝင်လွှဲပြောင်းပေးပြီး အင်ဒိုနီးရှား သမ္မတရဲ့ ဦးဆောင်အမှုအပေါ် ကြိုဆိုကြောင်း အပစ်ရပ်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် လင်မ်ဂျော့ခ်ဟွိုင်အစား အတွင်းရေးမှူးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူ ကောက်ခင်မ်ဟွန်းကို ခန့်အပ်လိုက်တဲ့အပေါ် PPST က ကြိုဆိုဂုဏ်ပြုကြောင်းနဲ့ မြန်မာပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို AHA Center နဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားဖို့ PPST အနေနဲ့ အဆင့်သင့်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။
PPST ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်တို့ PPST အနေနဲ့ကတော့ အခု အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌကို တာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတ အနေနဲ့ အရင်တုန်းက ဖြတ်သန်းခဲ့တဲ့ အားနည်းချက် အားသာချက် သင်ခန်းစာအပေါ်မှာ အခြေခံပြီး လာမယ့်အခင်းအကျင်းသစ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းပေါ်ကို ကျနော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်။။ ဒီအပေါ်မှာ ကျနော်တို့အရင်က လုပ်နေကျအတိုင်းပဲ အခုလိုမျိုး ခေါင်းဆောင်အပြောင်းအလဲလုပ်တဲ့အခါ ကျနော်တို့ ကြိုဆိုထောက်ခံမှုလုပ်နေတဲ့အတိုင်း လုပ်တာဖြစ်တယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုပေါ်မှာ SAC အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အမေရိကန်ပြည်ထောင်စု သမ္မတရဲ့ တိုက်တွန်းချက်ကိုလည်း ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးသဘောထားကို အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မှာဖြစ်ကြောင်း ပြောကြားချက်ကို PPST အနေနဲ့ ထောက်ခံ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို နိုဝင်ဘာ ၁၃ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
Photo-Cambodia PM
လူပုဂ္ဂိုလ်နဲ့ ခေါင်းဆောင်ကြီးတွေကို သီးခြားဖိတ်ကြားထားတဲ့အတွက် စစ်ကောင်စီဖိတ်ခေါ်ထားတဲ့ အန်စီအေ (၇) နှစ်ပြည့် အခမ်းအနားသွားတက်ရတာလို့ အပစ်ရပ်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) က အောက်တိုဘာ ၁၄ ရက် ဒီကနေ့ ကြေညာပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်စတင်ရေးထိုးခဲ့တဲ့ (၇) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို စစ်ကောင်စီက မနက်ဖန် အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပဖို့ရှိနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က နေပြည်တော်ကို သွားရောက်နေတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး PPST က ထုတ်ပြန်ကြေညာရာမှာ “အန်စီအေ (၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးထားကြတဲ့ လူပုဂ္ဂိုလ်၊ ခေါင်းဆောင်ကြီးတွေကို သီးခြားဖိတ်ကြားတာ၊ အဖွဲ့အစည်းအလိုက် သီခြားဖိတ်ကြားထားတာကြောင့် PPST အဖွဲ့ဝင်တွေအနေနဲ့ အန်စီအေ အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ပါဝင်တက်ရောက်ဖို့ လိုအပ်တဲ့အတွက် တက်ရောက်ရတာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။
အန်စီအေဟာ ပြည်တွင်းစစ်ကို ဦးတည်နေတဲ့ လက်ရှိ အကြမ်းဖက် ပဋိပက္ခတွေကို ရပ်စဲ လျော့နည်းစေပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူလူထု အများစု လိုလားတောင့်တာနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည် အစပျိုးတည်ဆောက်ဖို့ လမ်းစဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း PPST ကဆိုပါတယ်။
PPST ဟာ မူလအန်စီအေ ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့တဲ့အတွက် ပြည်သူလူထုတွေကို အကျပ်အတည်းတွေကနေ လွတ်မြောက်နိုင်စေဖို့ အန်စီအေရဲ့ အခြေခံမူ သုံးချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အချက်တွေကို အခုအချိန်အထိ ကြိုးပမ်းအကောင် အထည်ဖော်နေတယ်လို့ဆိုပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်လို့ PPST ကဆိုနေပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ စစ်တပ်က လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို တရားမဝင် အာဏာသိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကိုလည်း ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း နည်းမျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေ ကျောင်းသားကလေးငယ်တွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော်မှာ ဖိတ်ခေါ်ပြီး ၂ ကြိမ်တိုင်တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။
စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုတော့ စစ်တပ်နဲ့ တိုက်ပွဲတွေ မဖြစ်တာ ဆယ်စုနှစ်တွေနဲ့ ချီရှိနေပြီဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တချို့သာ တက်ရောက်နေကြတာဖြစ်ပြီး ကေအန်ယူ၊ ကေအန်ပီပီ၊ ကေအိုင်အေ၊ အေအေ၊ စီအန်အက်ဖ် စတဲ့ လက်ရှိစစ်ကောင်စီတပ်တွေနဲ့ အဓိကတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိလို့ တက်ရောက်ခြင်းမရှိပါဘူး။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကတစ်ဘက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့က တစ်ဖက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ MNSP နဲ့ လားဟူလက်နက်ကိုင်အဖွဲ့(LDU) တို့ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် စုစုပေါင်း အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ အန်စီအေ သက်တမ်း ၇ နှစ်ပြည့်အ ထိမ်းအမှတ်အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင် ဗွီဒီယိုက တဆင့် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။