အာဆီယံအလှည့်ကျ ဥက္ကဋ္ဌကို ကြိုဆိုကြောင်း PPST ထုတ်ပြန်

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံကို တရားဝင်လွှဲပြောင်းပေးပြီး အင်ဒိုနီးရှား သမ္မတ ဦးဆောင်အမှုအပေါ် ကြိုဆိုကြောင်း အပစ်ရပ်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် H.E lim Jock Hoi အစား အတွင်းရေးမှူးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယား ဝန်ကြီးထုပ်ရုံး ဝန်ကြီးဖြစ်သူ H.E Kao Kim Hourn ကို အခန့်အားမှုအပေါ် ppst က ကြိုဆိုဂုဏ်ပြုကြောင်းနဲ့ မြန်မာပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို AHA Center နဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားဖို့ PPST အနေနဲ့ အဆင့်သင့်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။
PPST ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်တို့ ppst အနေနဲ့ကတော့ အခု အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌကို တာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတ အနေနဲ့ကတော့ အရင်တုန်းက ဖြတ်သန်းခဲ့တဲ့ အားနည်းချက် အားသာချက် သင်ခန်းစာအပေါ်မှာ အခြေခံပြီး လာမယ့်အခင်းအကျင်းသစ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းပေါ်မကို ကျနော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတဲ့အပေါ်မှာ ကျနော်တို့အရင်က လုပ်နေကျအတိုင်းပဲ အခုလိုမျိုး ခေါင်းဆောင်အပြောင်းအလဲလုပ်တဲ့အခါ ကျနော်တို့ ကြိုဆိုထောက်ခံမှုလုပ်နေတဲ့အတိုင်း လုပ်တာဖြစ်တယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုပေါ်မှာ SAC အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အမေရိကန်ပြည်ထောင်စု သမ္မတရဲ့ တိုက်တွန်းချက်ကိုလည်း ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးသဘောထားကို အန်အယ်လ်ဒီ ဗဟိုအလုပ်မှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မှာဖြစ်ကြောင်း ပြောကြားချက်ကို PPST အနေနဲ့ ထောက်ခံ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။