မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပိုင်ရှင်ပြည်သူတွေအနေနဲ့ နေအိမ်ပြည်လည်တည်ဆောက်ဖို့ သစ်တွေလိုအပ်ပါက YDF ထီးလင်းထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထီးလင်းမြို့နယ်အခြေစိုက်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့၊ YDFထီးလင်းက စက်တင်ဘာ ၂၄ရက်က ထုတ်ပြန်ပါတယ်။
YDFထီးလင်းက ထီးလင်းမြို့နယ်အတွင်း သဘာဝသယံဇာတမပြုန်းတီးစေရေးအတွက် တရားမဝင်သစ်တွေ ခုတ်ယူတင်ပို့ရောင်းချခြင်းမပြုကြရန်တားမြစ်ထုတ်ပြန်ခဲ့ပြီး တရားမဝင် တင်ပို့ ရောင်းချတဲ့သစ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ တရားမဝင်သစ်မတွေကို ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူနေအိမ်တွေကို ပြန်လည်တည်ဆောက်ရာမှာ လိုအပ်ပါက မျှဝေအသုံးပြု ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ YDFထီးလင်းရဲ့တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ တရားမဝင်သစ်တွေသိမ်းဆည်းရမိထားတာ သစ်တန် ၂၀ ကျော်လောက်ရှိတယ်ဗျ။ အဲဒီသစ်တွေကို ထီးလင်းနယ်အတွင်းက စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးရတဲ့ ပြည်သူတွေ နေအိမ်ပြန်တည်ဆောက်ရာမှာ သုံးဖို့အတွက် သစ်တွေလိုအပ်ရင် ကျနော်တို့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်ဗျ။ ကျနော်တို့ YDFတွေမှာ ပြည်သူကို အားကိုးရသလို ပြည်သူတွေအတွက်လည်း ကျနော်တို့က အမြဲအဆင်သင့်ကာကွယ်ဖို့ အသင့်ပါ။"
စက်တင်ဘာ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက ထီးလင်းမြို့နယ် ကံသာကျေးရွာက ဒေသခံနေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၅၀ဝ လောက် မီးလောင်ဆုံးရှုံးထားပြီးအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း တနှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မေ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ YDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ YDF ထီးလင်းခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
ထီးလင်းမြို့နယ် အောင်းရွာကနေ အရှေ့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်လောက်ပါတဲ့ တပ်မ ၁၁ စစ်ကြောင်းကို မေ ၁၆ ရက် မနက် ၆ နာရီခွဲလောက်မှာ YDF ထီးလင်းအင်အား ၈ ယောက်က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် အနီးကပ်တိုက်ပွဲ နာရီဝက်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အား သာလွန်ပြီး ဂငယ်ပုံဝိုက်ပြီး ဝိုင်းဖို့ကြိုးစားလာလို့ YDF ထီးလင်းက ရဲဘော်တွေ အထိခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ အချိန်မှာ MA2 ကျည်ဆန် ၂ တောင့်၊ သွေးစွန်းနေတဲ့ ဘောင်းဘီတထည်နဲ့ သွေးကွက်တွေတွေ့ရပြီး (--) အလောင်း ၂ လောင်းကို ရွှေအောင်သာရွာဘက်ကို ထမ်းသွားတယ်လို့ သတင်းရကြောင်း ပြောပါတယ်။
“တိုက်ပွဲသတင်းကတော့ အရင်တခေါက် တင်ထားတာ ရှိတယ်ဗျ။ သူတို့က အဲဒီကနေပြီး ရွှေအောင်သာရွာဘက်ကို သွားတယ်။ ရွှေအောင်သာရွာဘက်ကိုရောက်တော့ စစ်(…) အလောင်း ၂ လောင်းကို မီးရှို့တာ ရွာသားတွေက တွေ့တယ်။ နောက်ထပ် စစ်(--) တကောင်ကျတော့ လက်ကို ကျည်မှန်ပြီး လက်ပြတ်သွားလို့ ချောင်းထဲမှာ သွေးတွေကို ဆေးနေတာ ရွာသားတွေကတွေ့တယ်” လို့ YDF ထီးလင်း ခေါင်းဆောင်က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။