close

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များပြန်ဆောက်ရန် YDFထီးလင်းထံမှ သစ်အကူအညီတောင်းနိုင်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့  နေအိမ်ပိုင်ရှင်ပြည်သူတွေအနေနဲ့ နေအိမ်ပြည်လည်တည်ဆောက်ဖို့ သစ်တွေလိုအပ်ပါက YDF ထီးလင်းထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထီးလင်းမြို့နယ်အခြေစိုက်၊‌ ယောဒေသကာကွယ်‌ရေးတပ်ဖွဲ့၊ YDFထီးလင်းက စက်တင်ဘာ ၂၄ရက်က ထုတ်ပြန်ပါတယ်။

YDFထီးလင်းက ထီးလင်းမြို့နယ်အတွင်း သဘာဝသယံဇာတမပြုန်းတီးစေရေးအတွက် တရားမဝင်သစ်တွေ ခုတ်ယူတင်ပို့ရောင်းချခြင်းမပြုကြရန်တားမြစ်ထုတ်ပြန်ခဲ့ပြီး တရားမဝင် တင်ပို့ ရောင်းချတဲ့သစ်တွေကို  ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ တရားမဝင်သစ်မတွေကို ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူနေအိမ်တွေကို ပြန်လည်တည်ဆောက်ရာမှာ လိုအပ်ပါက မျှဝေအသုံးပြု ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ YDFထီးလင်းရဲ့တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ တရားမဝင်သစ်တွေသိမ်းဆည်းရမိထားတာ သစ်တန် ၂၀ ကျော်လောက်ရှိတယ်ဗျ။ အဲဒီသစ်တွေကို ထီးလင်းနယ်အတွင်းက စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးရတဲ့ ပြည်သူတွေ နေအိမ်ပြန်တည်ဆောက်ရာမှာ သုံးဖို့အတွက် သစ်တွေလိုအပ်ရင် ကျနော်တို့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်ဗျ။ ကျနော်တို့ YDFတွေမှာ ပြည်သူကို အားကိုးရသလို ပြည်သူတွေအတွက်လည်း ကျနော်တို့က အမြဲအဆင်သင့်ကာကွယ်ဖို့ အသင့်ပါ။"

စက်တင်ဘာ ၂၂ ရက်ကလည်း  စစ်ကောင်စီတပ်သားတွေက ထီးလင်းမြို့နယ် ကံသာကျေးရွာက ဒေသခံနေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။

ထီးလင်းမြို့နယ်မှာ  စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၅၀ဝ လောက် မီးလောင်ဆုံးရှုံးထားပြီးအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း တနှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up