သုည/People’s Spring
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၂၈) နေ့လည်ပိုင်းက “Cheetah Operation” အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီ၏ အကျိုးစီးပွားကာကွယ်ကာ ပြည်သူများကို နှိပ်စက်ဖိနှိပ်လျက်ရှိသော ဗညားဒလလမ်းပေါ်ရှိ တာမွေမြို့မရဲစခန်းကို ယမန်နေ့ နေ့လည် ၂ နာရီ ၄၀မိနစ်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲ သုံးဦး သေဆုံးခဲ့ကြောင်း Anonymous Force အဖွဲ့က ဆိုသည်။
“မနေ့က ၃ နာရီလောက် တာမွေရဲစခန်း စခန်း ၄၀ဘက်မှာ ဗုံးပေါက်သံအကျယ်ကြီး ကြားလိုက်ရတယ်။ ရဲတွေ ထိခိုက်မှုရှိတယ်လို့လည်း သိရတယ်။ ဆေးရုံကားနဲ့ ရဲကားတွေ ဝင်ထွက်သွားလာတာတော့ တွေ့ရတယ်။ လမ်း ၁၅၀ထောင့်က သူတို့စခန်းကို မြင်ရတဲ့ လွတ်တဲ့နေရာတွေကိုလည်း တာလပတ်အစိမ်းတွေနဲ့ လိုက်ကာနေတယ်။ ရဲတွေ သေဆုံးမှု ရှိ မရှိတော့ သေချာမသိပါဘူး။ ဗုံးပေါက်ပြီးပြီးချင်း ရဲစခန်းရှေ့ ဗညားဒလလမ်းနဲ့ လမ်း ၁၅၀ဘက်တွေကို လမ်းတွေပိတ်ပြီး စစ်နေတာတော့ တွေ့ခဲ့ပါတယ်”ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို “Cheetah Operation” များအနက်မှ တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Anonymous Force အဖွဲ့က အသိပေးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်ကလည်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(မခရ – ၄၃၅ ၊၄၃၆) တပ်ရင်းကို Operation Flame (OF)အဖွဲ့က အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။