ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့နယ်ခွဲ နမ့်တောင်းရွာရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်မှ ကိုးကန့်တပ်မတော်(MNDAA)တပ်ဖွဲ့ဝင်များသိမ်းယူသွားသည့် စစ်ဆေးရေးဂိတ်သုံး အတားအဆီးများကို MNDAA ဘက်က ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ရှမ်းမြောက် ဒေသ သတင်းရင်းမြစ်က ပြောသည်။
” ဖြစ်စဉ်ကို ကြည့်ရတာက MNDAA တပ်ဖွဲ့ဝင်တွေရဲ့ အောက်ခြေတပ်သားတွေက မဟာမိတ် တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ မဟာမိတ်ရဲ့ သဘောတရားတွေကို နားလည် လက်ခံမှု၊ သိကျွမ်းမှုနည်းနည်း အားနည်းနေသေးတယ်လို့ ယူဆတယ်”ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က KIA စစ်ဆေးရေးဂိတ်မှ ဂိတ်အတားအဆီးများအား MNDAA ဘက်က သိမ်းယူခဲ့သည့် ဖြစ်စဉ်အပေါ် မှတ်ချက်ပြုသည်။
အောက်တိုဘာ ၄ရက်နံနက် ၁၁နာရီခန့်တွင် MNDAA တပ်ဖွဲ့ဝင်များက နမ့်တောင်းကျေးရွာရှိ KIA စစ်ဆေးရေးဂိတ်မှ KIA တပ်ဖွဲ့သုံး အမှတ်အသားပါ ဂိတ်အတားအဆီးများကို ပန်ဆိုင်းမြို့သို့ သိမ်းယူသွားခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ သိမ်းယူပြီးနောက် နေ့လည် ၁၂နာရီခန့်တွင် မုန်းပေါ်ကျေးရွာအဝင် KIA စစ်ဆေးရေးဂိတ်၌ MNDAA နှင့် KIA တပ်ဖွဲ့အကြား တင်းမာမှုအချို့ရှိခဲ့သည်ဟု ဦးဇော်ဆန်က ပြောသည်။
“မုန်းပေါ် ကျေးရွာအဝင်မှာ ပြန်ပြီးတော့ စစ်ရေးတင်းမာမှု ဖြစ်ပြီးတဲ့နောက်ပိုင်းKIA တပ်ဖွဲ့တွေက အသေအချာရှင်းပြတာပေါ့။ ဒီမဟာမိတ်ဖြစ်တဲ့အကြောင်း အပြန်အလှန် လေးစားမှု ရှိဖို့ အဲဒီကိစ္စရပ်တွေ သေချာရှင်းပြပြီးတဲ့နောက်ပိုင်းမှာ ကိုးကန့်တွေလည်း သူတို့ အထက်ကို ပြန်ပြီး တင်ပြပြီးတဲ့နောက်ပိုင်း၁၂နာရီခွဲဝန်းကျင်မှာ ပြန်လာပို့ပေးတယ်လို့ ပြောတယ်”ဟု ဦးဇော်ဆန်က ပြောသည်။
ကိုးကန့်တပ်အနေဖြင့် စစ်ဆေးရေးဂိတ်သုံး အတားအဆီးများကို နမ့်တောင်ရွာ KIA ဂိတ်မှ သိမ်းလာခြင်းဖြစ်သော်လည်း ပြန်လာပို့သည့် ဂိတ်မှာ မုံးပေါ်ကျေးရွာ KIAစစ်ဆေးရေးဂိတ် ဖြစ်သည်ဟု ဆိုသည်။
MNDAAနှင့် KIA တို့သည် စက်တင်ဘာအတွင်းကလည်း ရှမ်းမြောက်၌ မြေပြင်တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခအချို့ ရှိခဲ့သည်။
KIO/KIA၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး ဆိုင်းဘုတ်များအား MNDAA တပ်ဖွဲ့ဝင်များ ဖြုတ်ချသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ ပြဿနာအချို့ ဖြစ်ခဲ့သော်လည်း စစ်ရေးအရ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းမရှိပေ။
သို့ရာတွင် အနာဂတ်တွင် ပြဿနာများ မကြီးထွားလာစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ အမြန်ဆုံးတွေ့ဆုံညှိနှိုင်း အဖြေရှာသင့်သည်ဟု ဦးဇော်ဆန်က တိုက်တွန်းသည်။
နှစ်ဖက် မဟာမိတ်များအကြား အေးအတူ၊ ပူအမျှ နေထိုင်နိုင်ရေး ပြဿနာမကြီးထွားလာစေရေး အောက်ခြေတပ်သားများအား ညွှန်ကြားရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။
MNDAAသည် ၂၀၂၃ နှစ်ကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကာလတွင် ကိုးကန့်ဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယ ပိုင်း ယခုနှစ် ဩဂုတ်တွင် လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ ရှမ်းမြောက်တွင် မဟာမိတ်တပ်များဖြစ်သော KIAနှင့် TNLA အကြား၊ TNLAနှင့် SSPP အကြား၊ TNLA နှင့် MNDAA အကြားတွင်လည်း စစ်ရေးလှုပ်ရှားမှု၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နှင့် နယ်မြေအငြင်းပွားမှုဆိုင်ရာ ပြဿနာအချို့ရှိခဲ့သည်။