Mask မတပ်သည့် ထိုင်းဝန်ကြီးချုပ် ဘတ်ငွေ ၆၀၀၀ ဒဏ်တပ်ခံရ

ထိုင်းနိုင်ငံမှာ Mask ( နှာခေါင်းစည်း) မတပ်သူတွေကို ဒဏ်ငွေရိုက်တဲ့ အမိန့်အာဏာ စတင်သက်ဝင်တဲ့ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာဘဲ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားဟာ အမိန့်မလိုက်နာလို့ ဒဏ်ငွေ ဘတ် ၆၀၀၀ ဒဏ်တပ်ခံရတဲ့ ပထမဆုံးသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဘန်ကောက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးအတွက် ဧပြီ ၂၆ ရက်နေ့ကစပြီး အိမ်ပြင်ထွက်တဲ့သူတိုင်း Mask ( နှာခေါင်းစည်း) တပ်ဖို့ ၊ စည်းကမ်းမလိုက်နာရင် ဘတ်ငွေ ၂၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေချမှတ်ခံရမယ်လို့ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီက ကြေညာထားတာပါ။
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချာဟာ ဒီကနေ့မနက် ထိုင်းအစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး အစည်းအဝေးတစ်ရပ် ကျင်းပစဉ် တချိန်လုံး Mask ဖြုတ်ထားပြီး စကားပြောနေပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့သွား ပြီး ပြည်သူတွေရဲ့ ဝေဖန်ခံခဲ့ရတာပါ။
ဒါကို ဝန်ကြီးချုပ်သိသွားတဲ့အခါမှာ သူ နှာခေါင်းစည်းမတပ်တာဟာ ဘန်ကောက်စည်းကမ်း ချက်ကို ဖောက်ဖျက်သလားလို့ ဘန်ကောက်မြို့တော်ဝန် ရဲမှူးချုပ် အဆဝင်း ခွမ်မိုင်းကို မေးခဲ့ကြောင်း ၊ ရဲမှူးချုပ်ကလည်း ကူးစက်ရောဂါကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၀၂၁/၅၁ နဲ့ ညှိစွန်း ကြောင်း ၊ ရဲအရေးပိုင်အမှုဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် တုဆစ်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ အစိုးရအိမ်တော်သို့ သွား ရောက်ပြီး ဝန်ကြီးချုပ်ကို ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ကာ ဒဏ်ငွေ ဘတ် ၆၀၀၀ တပ်ခဲ့တယ်လို့ ဘန်ကောက်မြို့တော်ဝန်က သတင်းထောက်တွေကို ပြောသွားပါတယ်။
ကိုးကား - ထိုင်းရတ်
PHOTO-THAIRATH