ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းများ အမ်းမရိတ်လေကြောင်းလိုင်းဖြင့် အိန္ဒိယကို အခမဲ့ ပို့ဆောင်မည်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတာကို တိုက်ဖျက်ရေး ကူညီဖို့ အာရပ် စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ကနေ အိန္ဒိယနိုင်ငံထဲက မြို့ ၉ မြို့ဆီ ဆေးဘက် အထောက်အပံ့ ပစ္စည်းတွေ လေယာဉ်နဲ့ သယ်ရာမှာ အခမဲ့ ကူညီ ပျံသန်းပေးမယ်လို့ အမ်းမရိတ် လေကြောင်းလိုင်းက မေလ ၉ရက်မှာ ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကူးစက်နှုန်း စံချိန်တင်နေလို့ ဆေးရုံတွေ လူလျှံနေပြီး ဆေးဝါးတွေ အောက်စီဂျင်အိုးတွေနဲ့ တခြား အထောက်အပံ့ပစ္စည်းတွေ ပြတ်လပ်နေတဲ့အတွက် နိုင်ငံတကာက အကူအညီတွေ စုပြုံ ပေးပို့ နေကြတာပါ။
ဒူဘိုင်းမြို့ အခြေစိုက်ပရဟိတအဖွဲ့တွေဆီက အထောက်အပံ့တွေကို အီးမရိတ် လေကြောင်းလိုင်းက အခမဲ့ပို့ပေးမယ့်အပြင် တခြားနေရာတွေက အကူအညီတွေကိုလည်း နောက်ပိုင်းမှာ တိုးချဲ့ ပို့ပေးသွားမှာဖြစ်ပြီး အိန္ဒိယကို ကူညီဖို့ လုံးဝကတိပြုတယ်လို့ ဒုဥက္ကဋ္ဌ နဘီလ် စူလ်တန်က သတင်းထောက်တွေကို ပြောပါတယ်။
တကမ္ဘာလုံးက အကူအညီတွေကို သယ်ပို့ပေးဖို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း အများအပြားက သုံးနေတဲ့ ဒူဘိုင်း နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းကနေ တဆင့် အကူအညီတွေကို စီစဉ်ပေးမယ် နောက်ထပ် အသိပေး အကြောင်းကြားချက် မထုတ်ပြန် မချင်း အခမဲ့ ပို့ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ပထမဆုံး အခမဲ့ လေကြောင်းခရီးစဉ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ လှူတဲ့ ဘက်စုံသုံး ယာယီတဲ ၁၂ ဒသမ ၆ တန်ကို မေ ၁၃ ရက်မှာ သယ်ပို့ပေးဖို့ စီစဉ်ထားပါတယ်။
ဒီလ အစောပိုင်းကလည်း ကာတာလေကြောင်းလိုင်းက ဒိုဟာမြို့ကနေ အိန္ဒိယဆီ အကူအညီ တန်ချိန် ၃၀၀ ကို လေယာဉ်နဲ့ အခမဲ့ ပို့ပေးခဲ့ပါတယ်။
အိန္ဒိယမှာ တနင်္ဂနွေ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူအသစ် ၄၀၉၂ ယောက် ရှိပြီး စုစုပေါင်း ကူးစက်သေဆုံးသူ ဦးရေ ၂၄၂,၃၆၂ ယောက် ရှိပါပြီ။
တစ်ရက်တည်း ကူးစက်ခံ ဦးရေ ၄၀၃,၇၃၈ ယောက်ရှိလို့ စုစုပေါင်း ကူးစက်ခံ ဦးရေ ၂၂ ဒသမ ၃ သန်း ရှိပြီလို့ တရားဝင် အတည်ပြု ကိန်းဂဏန်းတွေက ပြထားပါတယ်။
ဒါပေမဲ့ အမှန်တကယ် ကူးစက်ခံဦးရေဟာ တရားဝင် အတည်ပြု ဦးရေထက် ဆယ်ဆထိ များနိုင်တယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။