ရန်ကုန်လူဦးရေ ၆ သိန်းခန့် စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ ၄ သန်း ဂျပန်ထောက်ပံ့

ရန်ကုန်က လူဦးရေ ၆ သိန်းလောက်ကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဖို့ ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တဆင့်ပေးအပ်လိုက်ပါတယ်။
ထောက်ပံ့ပေးမယ့် စားနပ်ရိက္ခာတွေကို ထိခိုက်လွယ်တဲ့ မိသားစုတွေရဲ့ လက်ဝယ်သို့အရောက် တိုက်ရိုက်ပေးအပ်သွားမယ်လို့ WFP က ဆိုပါတယ်။
ဒါဟာ မြန်မာနိုင်ငံထဲမှာ WFP ရဲ့ အကြီးဆုံး စီမံကိန်းဖြစ်တဲ့ မြန်မာနိုင်ငံ မြို့ပြဒေသတွေက ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး မြို့နယ်တွေမှာ နေထိုင်သူ လူဦးရေ သိန်း ၂၀ အတွက် စားနပ်ရိက္ခာတွေထောက်ပံ့ပေးမယ့် အစီအစဥ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။
စားနပ်ရိက္ခာ အထောက်အပံ့တွေကို ၂၀၂၁ ခုနှစ် မေ ၁၃ ရက်ကစပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စတင် ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ WFP ရဲ့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်။ WFP ရဲ့ ကနဦးဆောင်ရွက်မှုကြောင့် ဂျပန်ပြည်သူလူထုထံက အကူအညီဟာ မြန်မာ့မြို့ပြဆင်းရဲနွမ်းပါးတဲ့ ဒေသတွေက အထိခိုက်လွယ်ဆုံး ဒေသခံပြည်သူတွေထံကို တိုက်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ” လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr Maruyama Ichiro က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတို့ကြောင့် လာမယ့် ၆ လအတွင်း မြို့ပြဒေသတွေမှာနေထိုင်တဲ့ လူဦးရေ ၃၄ သိန်းလောက် အငတ်ဘေး ရင်ဆိုင်ကြရလိမ့်မယ်လို့ WFP က ခန့်မှန်းထားပါတယ်။
“နှစ်ပေါင်းများစွာ WFP နဲ့အတူ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်မှုအတွက် ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူ ပြည်သားတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ အခုလိုတကယ့်ကို အရေးကြီးတဲ့အချိန်မျိုးမှာ ဂျပန်နိုင်ငံ အစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေအနေနဲ့ မြန်မာပြည်သူလူထုအတွက် မေတ္တာဂရုဏာထားပြီး ထပ်မံကူညီပံ့ပိုးလိုက်တာ ဖြစ်ပါတယ်။ အခုလို စေတနာပြည့်ဝတဲ့လှူဒါန်းမှုတွေဟာ မြန်မာနိုင်ငံမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်မလာအောင် ကြိုတင်တားဆီးနိုင်ဖို့ ကြိုးစားနေတဲ့ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်လုပ်ငန်းတွေအတွက် တကယ့်ကို အရေးပါ အခရာကျပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောပါတယ်။
ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခဘေးကြောင့် နေရပ်စွန့်ခွာရသူတွေကို WFP က ပေးအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် ဂျပန်နိုင်ငံက အခုနှစ်အစောပိုင်း ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ ၄.၇ သန်းနဲ့ မတ်လမှာ အမေရိကန်ဒေါ်လာ ၃ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၇ သန်း ပံ့ပိုးကူညီထားပါတယ်။