ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ပိုင် ဒေါ်လာ သန်း ၅၀၀ ပိတ်ဆို့ခံရ

ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့ဟာ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ရဲ့ ပိုင်ဆိုင်မှုများထဲက ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၆၄ သန်း) ကို ထုတ်ယူသုံးစွဲခွင့် ပိတ်ဆို့လိုက်ပါတယ်။
အပိတ်ခံထားရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အတိုက်အခံစာစောင် Apple Daily သတင်းစာကို ထုတ်တဲ့ သူ့ရဲ့ Next Digital media company ထဲက လိုင်ရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်နေတယ်လို့ The South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။
ဂျင်မီလိုင် ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၃ ခုရဲ့ ပြည်တွင်းဘဏ်အကောင့်တွေကိုလည်း ပိတ်ထားလိုက်တယ်လို့ ဟောင်ကောင်ရဲ့လုံခြုံရေးအတွင်းဝန် ဂျွန်လီက အစိုးရကြေညာချက်ထဲမှာ ပြောထားပါတယ်။
လိုင်ဟာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြပွဲတွေအတွင်း ခွင့်ပြုချက်မရှိတဲ့ လူစုလူဝေးဖွဲ့မှုထဲမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၁၄ လ ချမှတ်ခံခဲ့ရပါတယ်။
သူဟာ အစိုးရ (သို့) နိုင်ငံရေးစနစ်အား ဖြုတ်ချဖျက်ဆီးဖို့ စနစ်တကျကြိုးပမ်းမှု၊ ဆန့်ကျင်ပုန်ကန်ဖို့ လှုံ့ဆော်မှု၊ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ လျှို့ဝှက်ဆက်သွယ်ပူးပေါင်းမှု စတဲ့ ပေကျင်းက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်အောက်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်တဲ့ ဥပဒေစွဲချက်တွေကို ရင်ဆိုင်နေရပါတယ်။
သူ့ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းလို့ မရအောင် လုံခြုံရေးဥပဒေအောက်မှာ ထားရှိလိုက်ပါတယ်။
ဒါဟာ စီးပွားရေးအသိုင်းအဝိုင်းထဲမှာ ပထမဆုံးအကြိမ် အမျိုးသားလုံခြုံရေးဥပဒေအရ ပစ်မှတ်ထားခံရတဲ့ စာရင်းပေါက် ကုမ္ပဏီလည်း ဖြစ်ပါတယ်။