close

နာမည်ကြီးကစားသမားတချို့ မပူးပေါင်းသဖြင့် မြန်မာဘောလုံးအသင်း ဂျပန်သို့ မထွက်ခွာနိုင်သေး

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားမယ့် ဂျပန်နိုင်ငံကို လူမစုံသေးတဲ့ အခြေအနေကြောင့် ထွက်ခွာနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မြန်မာဘောလုံးအသင်းဟာ မေ ၁၅ ရက်မှာ ထွက်ခွာဖို့ စီစဉ်ထားပေမဲ့ ပြည်ပကလပ်တွေက ကစားသမားတွေကို စည်းရုံးနေရပြီး ပြိုင်ပွဲကစားဖို့ လူမစုံသေးတာကြောင့် မေလ ၂၁ ရက် ဒါမှမဟုတ် ၂၃ ရက်မှ ထွက်ခွာနိုင်မယ်လို့ သိရပါတယ်။

ပြည်ပထွက်ကစားနေတဲ့သူတွေထဲမှာ အသင်းရဲ့ အမာခံ ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ဇော်မင်းထွန်း၊ အောင်သူ၊ ဆွမ်လမ်မန် အစရှိတဲ့ ကစားသမားတွေရှိပါတယ်။ 

ဒီထဲကမှ ဆွမ်လမ်မန် တစ်ဦးသာ အသင်းနဲ့ပူးပေါင်းနေတာ ဖြစ်ပါတယ်။ နောက်ခံလူ ဇော်မင်းထွန်းနဲ့ တိုက်စစ်မှူး ကျော်ကိုကိုတို့က လူစာရင်းကနေ နုတ်ထွက်ထားပြီး တိုက်စစ်မှူး အောင်သူကလည်း ကစားဖို့ မသေချာဘူးလို့ ကစားသမားတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အလားတူ အသင်းခေါင်းဆောင် ကျော်ဇင်ထက်၊ နောက်ခံလူ ထိုက်ထိုက်အောင်နဲ့ အခြားကစားသမား ၂ ဦးကလည်း အသင်းလူစာရင်းကနေ နုတ်ထွက်ထားတယ်လို့ သိရပါတယ်။

မြန်မာနည်းပြ အန်တိုနီဟေး အနေနဲ့ ကစားသမား ၂၃ ဦးလောက် အပြီးသတ် ရွေးချယ်မှာပါ။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအနေနဲ့ မေလ ၂၈ ရက်မှာ ဂျပန်၊ ဇွန်လ ၁၁ ရက်မှာ ကာဂျစ္စတန်၊ ဇွန်လ ၁၅ ရက်မှာ တာဂျစ်ကစ္စတန် အသင်းတွေနဲ့ ဂျပန်နိုင်ငံ ချီဘားမြို့မှာကစားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up