close

စစ်ကောင်စီက ရာထူးမှဖယ်ရှားခဲ့သည့် တိုကျိုသံရုံးဝန်ထမ်း ၂ ဦး၏ဗီဇာ မရုပ်သိမ်းသေးဟု ဂျပန်ပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီ ရာထူးကဖယ်ရှားလိုက်တဲ့ တိုကျိုရှိ မြန်မာသံရုံးက သံတမန်ဝန်ထမ်း ၂ ယောက်ရဲ့ဗီဇာကို မရုပ်သိမ်းသေးဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမစ်ဆုမိုတဲငိက မေ ၂၁ ရက်နေ့  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

မြန်မာသံရုံးပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ဒုတိယအတွင်းဝန်တို့ရဲ့ လက်ရှိနေထိုင်မှု အခြေအနေနဲ့ ရာထူးဖယ်ရှားခံလိုက်ရတဲ့ သူတို့နှစ်ယောက်ကို ဂျပန်အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲလို့ မေးမြန်းရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက  ဖြေကြားလိုက်တာပါ။

“ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ် အာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေဟာ ဂျပန်အစိုးရအနေနဲ့ မသင့်တော်ဘူးလို့ မမှတ်ယူတဲ့အတွက် သူတို့ရဲ့ဗီဇာအဆင့်အတန်းကိုလည်း မဖျက်သိမ်းပါဘူး။” 

ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ ဒုတိယအတွင်းဝန်တို့ဟာ မတ်လ ၆ ရက်က  သူတို့ရဲ့ သံရုံးတာဝန်တွေကို စတင်သပိတ်မှောက်ပြီး လူထုအာခံဖီဆန်ရေးလှုပ်ရှားမှု စီဒီအမ်မှာ ပူးပေါင်းပါဝင်ကြောင်း  ဖေ့စ်ဘွတ်မှာ ကြေညာခဲ့ပါတယ်။ 

သိပ်မကြာခင်မှာပဲ သူတို့ ၂ ယောက်ကို သံရုံးဝင်းထဲက အိမ်ခန်းတွေဆီ ဝင်ရောက်ခွင့်မ‌ပေးတော့တဲ့အတွက် မတ် ၁၁ ရက်မှာ သံရုံးဝင်းထဲကနေ ထွက်ခွာပြီး တိုကျိုမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့အကူအညီနဲ့ သီးခြားနေထိုင်ခဲ့ရပါတယ်။ 

မတ်လထဲမှာပဲ သူတို့ ၂ ယောက်ရဲ့ သံတမန်အဆင့်အတန်းနဲ့ နိုင်ငံကူးလက်မှတ်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မြန်မာသံရုံးကနေ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားလာတယ်လို့ မိုတဲငိက ပြောပါတယ်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲ ဖြစ်ပေါ်တာတွေကို စောင့်ကြည့်ပြီးတော့ သူတို့အခြေအနေကို ဆုံးဖြတ်ပေးမယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။ 

အတွင်းဝန် ၂ ယောက်တို့က သူတို့ဟာ အင်အားသုံး ဖယ်ရှားခံရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကနေ တာဝန်အပ်နှင်းခံထားရတဲ့ တရားဝင်မှု အခြေအနေကို အခိုင်အမာ ဆုပ်ကိုင်ပြီးတော့

ဂျပန်အစိုးရကို သူတို့ရဲ့ သံတမန်ဗီဇာတွေနဲ့ အထောက်အထားတွေကို ထိန်းသိမ်း‌ပေးထားဖို့ ပန်ကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up