စစ်ကောင်စီကိုအရေးယူရန်နှင့် ဖွံ့ဖြိုးရေးအကူအညီ ပြန်သုံးသပ်ရန် ဂျပန်သတင်းထောက် တိုက်တွန်း

မြန်မာနိုင်ငံကိုပေးနေတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်လည်သုံးသပ်ခြင်း အပါအဝင် မြန်မာစစ်ကောင်စီကို အရေးယူဖို့ မြန်မာအကျဉ်းထောင်ထဲကနေ ပြန်လွတ်လာတဲ့ ဂျပန်သတင်းထောက် ယုကိ ခိတဇုမိက မေ ၂၁ ရက်မှာ ဂျပန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
သူဟာ ဂျပန်လူမျိုးဖြစ်တာကြောင့် ဂျပန်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ပြန်လွတ်လာခဲ့ ပေမဲ့ မြန်မာနိုင်ငံက ပြဿနာကိုတော့ မဖြေရှင်းနိုင်သေးပါဘူးလို့ တိုကျိုမှာ နိုင်ငံခြား သတင်းထောက်တွေနဲ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခိတဇုမိက ပြောကြားလိုက်တာပါ။
အာဏာသိမ်းစစ်အစိုးရက ခုထိ နေရာယူထားဆဲဖြစ်ပြီး လူပေါင်း ၈၀၀ကျော်အထိ သေဆုံးခဲ့ရတာ တကယ့်အခြေအနေပါ။
ဒါကြောင့် မြန်မာနိုင်ငံက ပြဿနာတွေကို ကူညီဖြေရှင်းနိုင်ဖို့ ဂျပန်အစိုးရရဲ့ ဩဇာအာဏာ ကို သုံးပြီး ဖြေရှင်းပေးဖို့လည်း တောင်းဆိုပါကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုအကူအညီအားလုံးကို ဖြတ်တောက်လိုက်ခြင်းကလည်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မထင်ကြောင်းလည်း သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေကြားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီမြှင့်တင်ရေးအတွက် ပြည်ပဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီ ODA အမြောက်အမြားကို ရင်းနှီးမြှုပ်နှံခဲ့တာမို့ ဒီလို ဒီမိုကရေစီဖြစ်စဉ်ကို ထင်ထင်ရှားရှား မတွေ့ရရင် မြန်မာမှာ ဂျပန်ရဲ့ ရင်းနှီးမြှပ်နှံမှုကို သုံးသပ်ဖို့ ပြန်စဉ်းစားတာဟာ သဘာဝကျပါတယ်လို့လည်း ဆိုပါတယ်။
ဂျပန်အစိုးရမှာက မြန်မာအစိုးရအပေါ် သြဇာလွှမ်းမိုးမှုကို သုံးပြီး ဒီကိစ္စ အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် သံတမန်နည်းလမ်းတွေ အများကြီး ရှိရမှာပါ။ ဂျပန်အစိုးရအနေနဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့နဲ့ သင့်တော်တဲ့အချိန်မှာ နည်းလမ်း ကောင်းတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့လည်း ဂျပန်သတင်းထောက် ယုကိ ခိတဇုမိက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို သတင်းဖော်ပြခဲ့တဲ့ ဂျပန်အလွတ်သတင်းထောက် ယုကိခိတဇုမိကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီး သတင်းမှား ဖြန့်ဝေမှုနဲ့ တရားစွဲခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ရန်ကုန်မှာ မီဒီယာကုမ္ပဏီ ဖွင့်ခဲ့တဲ့ ခိတဇုမိဟာ ဂျပန်သံအမတ်ကြီး ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေအပြီးမှာ ပြန်လွတ်မြောက်လာပြီး ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိနေပါပြီ။