close

စစ်အုပ်စု ဖိနှိပ်ခံ မင်းတပ်အတွက် ‘တစ်ထောင်ကျပ်ပဲလှူပေးပါကမ်ပိန်း’မှ ကျပ်သိန်း ၂၀ ထောက်ပံ့

အကြမ်းဖက်စစ်အုပ်စုက ဖိနှိပ်ခံထားရတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့လေးအတွက် “တစ်ထောင်ကျပ်ပဲ လှူပေးပါ”ကမ်ပိန်းကနေ ကျပ်သိန်း ၂၀ ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

လိုအပ်တဲ့ ရိက္ခာတွေဝယ်ယူဖို့ ၁၈ သိန်းနဲ့ တခြားဆက်သွယ်ရေးအတွက် ဖုန်းဘေလ်နဲ့ VPN Key တွေအတွက် ၂ သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၂၀ ကို လှူဒါန်းခဲ့ကြောင်းနဲ့ ထောက်ပံ့ပစ္စည်းတွေကိုတော့ မင်းတပ်မြို့ စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘေးကင်းကင်းနဲ့ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာတော့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး  အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ မေ ၂၁ ရက်က စတင်ကာ မင်းတပ်မြို့နယ်ကို ရေ၊ မီးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ဆင်ရေး ပုံစံသဖွယ် ဒေသခံ တွေအပေါ် ပြုမူလာပြီး မင်းတပ်ဒေသခံတွေကို အကူအညီပေးရေးကိုလည်း ဖြတ်တောက်ထားတာဟာ သူတို့ကို ခုခံတဲ့ ဒေသတွေ အင်အားလျော့နည်းကာ ထပ်မံစုစည်းပြီး ခုခံမရစေဖို့ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေး ကာလ ၃ လခွဲကျော်အတွင်း အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့အတူ ပြည်သူတွေဟာ သွေးအေးမနေကြဘဲ အရပ်ဒေသအသီးသီးကနေ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

အေအေပီပီရဲ့ စာရင်းပြုစုချက်အရ လတ်တလောအချိန်အထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၁၅ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပြည်သူ ၄၂၇၁ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up