မင်းတပ်အတွက် အထူးစိုးရိမ်ပူပန်ကြောင်း ပြင်သစ်သံရုံး ထုတ်ပြန်

ချင်းပြည်နယ်အတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေ အနေတွေကို စောင့်ကြည့်နေပြီး အထူးစိုးရိမ်ပူပန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေက မင်းတပ်နယ်မြေထဲက အရပ်သားတွေကို စစ် လက်နက်အင်အား အလွန်အကျွံ အသုံးပြုတိုက်ခိုက်တာဟာ အကြမ်းဖက်မှုတွေကို ပိုမို ဆိုးဝါးစေပြီး အသက်ဆုံးရှုံးမှုများစွာနဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မင်းတပ်မှာ ရေနဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိဖို့လည်း အမြန်ဆုံးချက်ချင်း လိုအပ်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ် နေတဲ့ ပြည်သူတွေကို အမြန်ဆုံးပေးအပ်နိုင်ဖို့လည်း အရေးတကြီးလိုအပ်နေကြောင်း ဖော်ပြထားပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က စတင်ကာ အာဏာသိမ်း စစ်အုပ်စုတပ်တွေနဲ့ ဒေသတွင်း ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့(စီဒီအက်ဖ်) တို့ကြား နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒီကာလအတွင်း နှစ်ဘက်စလုံးမှာ အကျအဆုံးအထိအခိုက် အသေအပျောက်တွေ ရှိနေပြီး ဒေသခံတွေ ထောင်နဲ့ချီ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာတွေနဲ့ အတူ အခြေအနေတွေ တင်းမာနေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်နှိမ်နင်းမှုကြောင့် မေလ ၂၀ ရက်နေ့ထိ ကျဆုံးပြည်သူ ၈၁၀ ယောက်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအရေအတွက် ၅,၃၀၈ ယောက်ထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။