လူ့အခွင့်အရေးကို လေးစားရန် သမ္မတဘိုင်ဒန်က ရုရှားသမ္မတပူတင်ကို ဖိအားပေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဇွန်လမှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့တဲ့အခါ လူ့အခွင့်အရေးကို လေးစားဖို့ ဖိအားပေးမယ်လို့ ပြောကြားလိုက်ပါတယ်။
မေလ ၃၀ ရက် အမေရိကန် ရုံးပိတ်ရက်ဖြစ်တဲ့ အမှတ်ရ အောက်မေ့ဖွယ်နေ့ကို ဂုဏ်ပြုတဲ့ မိန့်ခွန်းအတွင်း ဘိုင်ဒန်က ပြောလိုက်တာပါ။
နောက် နှစ်ပတ်လောက်ကျရင် ဂျီနီဗာမှာ သမ္မတ ပူတင်နဲ့ တွေ့မယ်၊ ကျနော်တို့ဟာ သူ လူ့အခွင့်အရေးချိုးဖောက် နေတာကို ရပ်ကြည့်နေပြီး ဆက်လုပ်ခွင့်ပေးနေမှာ မဟုတ်ဘူးဆိုတာ ရှင်းအောင် ပြောမယ်လို့ ဘိုင်ဒန်က ပြောပါတယ်။
မနှစ်က အမေရိကန် ဆော့ဖ်ဝဲလ်ကုမ္ပဏီ ဆိုလာဝင်းဒ်ကို ရုရှားကနေ လှမ်းပြီး ဖောက်ထွင်းတိုက်ခိုက် ခဲ့တဲ့ နိုဘယ်လီယံ အုပ်စုက အမေရိကန် အစိုးရရုံးတွေကို ဆိုင်ဘာတိုက်ခိုက်နေတယ်လို့ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းက ရည်ညွှန်းပြောဆိုခဲ့အပြီး အမေရိကန်နဲ့ ရုရှား ခေါင်းဆောင် နှစ်ယောက်ကြား ထိပ်သီးညီလာခံ မတိုင်ခင် ဒီအရေးကို ရှေ့တွန်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သမ္မတ အိမ်ဖြူတော်က မေလ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှက ငြင်းပြီး အမေရိကန်က စွပ်စွဲထားတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ စွက်ဖက်မှု၊ ဆိုင်ဘာ တိုက်ခိုက်မှုနဲ့ ယူကရိန်းနိုင်ငံ အရေးတွေကြောင့် အမေရိကန်နဲ့ ရုရှား ဆက်ဆံရေး မချောမွေ့ ဖြစ်နေချိန်မှာ ခေါင်းဆောင်နှစ် ယောက်ကြား အစည်းအဝေးကို ဇွန်လ ၁၆ ရက်မှာ ကျင်းပဖို့ စီစဉ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။