ကိုဗစ်-၁၉ ကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတချို့ ဇွန် ၁၄ မတိုင်ခင်ထိ ပိတ်ထား

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှုတွေကြောင့် စီးပွားရေးလုပ်ငန်း တချို့ကို လာမယ့် ဇွန် ၁၄ မတိုင်ခင်ထိ ပိတ်ထားရမှာဖြစ်တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
တချို့လုပ်ငန်းတွေကို ဖွင့်လှစ်ခွင့် ပိတ်ထားဦးမှာဖြစ်ပေမဲ့ စီးပွားရေးလုပ်ငန်း တချို့ကိုတော့ ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဒီကနေ့မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်တာလို့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်မှုစင်တာက ထုတ်ပြန်လိုက်တာပါ။
ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ခွင့်ပြုစီးပွားရေး လုပ်ငန်းတွေထဲမှာတော့ ပြတိုက်တွေ၊ သင်ကြားရေးစင်တာတွေ၊ သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာ လေ့လာစရာနေရာတွေ၊ အနုပညာပြခန်းတွေ ပါဝင်ပြီး အုပ်စုလိုက် လာရောက်လည်ပတ်ခွင့်ကိုတော့ ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တက်တူးအလှပြင်ဆိုင်နဲ့ ခြေသည်းလက်သည်း အလှပြင်လုပ်ငန်းတွေလည်း ပါဝင်ပြီး တကယ်လို့ ကိုဗစ်-၁၉ ကူးစက်မှုရှိခဲ့မယ်ဆိုရင် ၁၄ ရက်ပိတ်ထားရမယ် လို့ ဆိုပါတယ်။
နောက်ထပ် ခွင့်ပြုလုပ်ငန်းတွေထဲမှာတော့ အလှအပနဲ့ ကိုယ်ကာယလေ့ကျင့်ရေး စင်တာတွေ၊ အနှိပ်ခန်းတွေ၊ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာဆက်စပ်လုပ်ငန်းတွေ ပါဝင်ပြီး မျက်နှာနှိပ်နယ်ဝန်ဆောင်မှုပေးတာတွေနဲ့ ရေနွေးငွေ့ပေါင်းတင်ဝန်ဆောင်မှုမျိုးတွေကိုတော့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံတွေ ရုက္ခဗေဒဥယျာဉ်တွေကိုလည်း ဖွင့်လှစ်ခွင့်ပြုထားပေမယ့် ပျော်ပွဲစားထွက် စားသောက်လည်ပတ်တာမျိုးကိုတော့ ခွင့်ပြုမထားပါဘူး။
တချိန်တည်းမှာပဲ လူနေထူထပ်တဲ့ နေရာတွေ၊ ဝေးတွေ၊ အလုပ်သမားဆောင်တွေမှာ ရောဂါကူးစက်ပျံ့နှံ့မှုတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်ဖို့လည်း လုပ်ဆောင်နေ တယ်လို့ ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူလည်း ၁၀၀၀ ကျော် ရှိနေခဲ့ကာ အာဆီယံဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၄ နေရာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။