close

“၅၀၀ ကျပ်ပဲလှူပါ”ကမ်ပိန်းမှ ရသည့် ကျပ် ၁၇၁ သိန်းကို CDM ဝန်ထမ်းနှင့် စစ်ဘေးရှောင်များထံ လှူဒါန်း

စစ်အာဏာရှင်လက်ထက် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်  ရည်ရွယ်ပြီး စတင်ခဲ့တဲ့ “၅၀၀ ကျပ်ပဲ လှူပါ” ကမ်ပိန်းကနေ ဒုတိယအကြိမ်အဖြစ် အလှူငွေကျပ် ၁၇၁ သိန်းရရှိခဲ့ပြီး အားလုံးကို လှူဒါန်းပြီးပြီလို့ သိရပါတယ်။

Heroes for Myanmar က ဦးဆောင်ခဲ့တဲ့ ဒီကမ်ပိန်းမှာတော့ အိမ်ထောင်စုတွေ အတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက် သွန်၊ ဟင်းသီးဟင်းရွက်နဲ့ ဆေးဝါး စတာတွေကို လှူဒါန်းဖို့အတွက် အားလုံးနည်းများမဆို ၅၀၀ ကျပ်ကစတင် ပါဝင်နိုင်ကြောင်း နှိုးဆော်ထားခဲ့ပြီး ပထမအကြိမ်အလှူငွေကျပ်သိန်း ၈၀ ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ခုတခါ ဒုတိယအကြိမ်ရရှိခဲ့တဲ့ ငွေကျပ် ၁၇၁ သိန်းကိုတော့ CDM မီးရထား၀န်ထမ်းတွေကို ကျပ်သိန်း ၅၀၊ ကျန်းမာရေး၀န်ထမ်းတွေကို ၅၁ သိန်း၊ ပညာရေး၀န်ထမ်းတွေကို ကျပ်သိန်း ၅၀၊ တခြားလုပ်ငန်းဌာနတွေက ပြည်သူ့၀န်ထမ်းတွေကို ၁၀ သိန်းနဲ့ စစ်ဘေးရှောင်ဒေသတွေကို ၁၀ သိန်းစီ အသီးသီး လှူဒါန်းခဲ့တာပါ။

      မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က  သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီဈေးတွေ ဟာ မြင့်တက်လာခဲ့ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာ တွေ၊ အာဟာရရှိတဲ့ အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ် နေပါတယ်။

လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီး ငွေအပေးအယူ မ လုပ်နိုင်တာတွေ၊ ဘဏ်ကငွေသားထုတ်ယူဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရတဲ့အခြေအနေကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်း အတော်များများ လည်း ရပ်ဆိုင်းနေကြပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်း လောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up