ပစိဖိတ်သမုဒ္ဒရာတွင် ရုရှား စစ်ရေးလေ့ကျင့်မှု စတင်

ရုရှားနိုင်ငံ ပစိဖိတ်တပ်မဟာရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပစိဖိတ်သမုဒ္ဒရာ အလယ်မှာ စတင်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၀ ရက်မှာ ကြေညာပါတယ်။
စစ်သင်္ဘောတွေ ရေငုပ်သင်္ဘောတွေနဲ့ ထောက်ပံ့ရေး သင်္ဘောတွေ အစီးရေ ၂၀ ပါဝင်လေ့ကျင့်မယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒုံးကျည်သုံး စစ်သင်္ဘော ဗာယက်ခ်၊ ရေငုပ်သင်္ဘောကို ဖျက်ဆီးနိုင်တဲ့ သင်္ဘောအဒ်မစ်ရယ် ပန်တေလဗ်နဲ့ တိုက်သင်္ဘော မာရှယ် ရှာပို့ရှ်နီကို့ဗ်တို့နဲ့အတူ တခြားစစ်ဘက်နဲ့ ထောက်ပံ့ရေး သင်္ဘောတွေလည်း ပါဝင် လေ့ကျင့်နေပါတယ်။
တာဝေးပစ်ဒုံးကျည်တပ် ရေငုပ်သင်္ဘောကို ဖျက်ဆီးနိုင်တဲ့ Tu-142mz လေယာဉ်နဲ့ အမြင့်ပျံ ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ် MiG-31BM တို့အပါအဝင် လေယာဉ် အစီး၂၀ လည်း ပါဝင် လေ့ကျင့်မယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။