နိုင်ငံခြားပိတ်ဆို့မှု ဆန့်ကျင်ရေးဥပဒေ တရုတ်ကွန်ဂရက် အတည်ပြု

၁၃ ကြိမ်မြောက် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ (NPC) ဟာ ၂၉ ကြိမ်မြောက် အစည်းအဝေးမှာ ဇွန် ၁၀ ရက်က နိုင်ငံခြားပိတ်ဆို့မှုကို ဆန့်ကျင်ရေးဥပဒေကို အတည်ပြုခဲ့ပါတယ်။
ဒီဥပဒေဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားရေး အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနဲ့ အဓိက အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်ပေးမှာဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ဗိုလ်ကျစိုးမိုးရေး ဝါဒနဲ့ ဩဇာအာဏာသုံးတဲ့နိုင်ငံရေးကို ဆန့်ကျင်ကန့်ကွက်တာလို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြောပါတယ်။
ဒီဥပဒေအသစ်ဟာ အထိအခိုက်မခံတဲ့ အချိန်ကာလမျိုးမှာ နိုင်ငံခြားအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို တန်ပြန်ပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ ပေကျင်းအစိုးရကို ဥပဒေပိုင်းအစီအမံ တွေကို ခွင့်ပြုပေးထားတယ်လို့ ဥပဒေပြုသူတွေနဲ့ ဥပဒေပညာရှင်တွေကလည်း ယုံကြည်ထား ပါတယ်။
ဒီဥပဒေရဲ့နောက်ခံအကြောင်းဟာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံတကာအခင်းအကျင်းနဲ့ လုပ်ငန်းဆောင်တာတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတချို့ဟာ ရှင်းကျန်းနဲ့ ဟောင်ကောင်တို့နဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေကို အသုံးချပြီး သူတို့ရဲ့ မူမမှန်တဲ့ အကြောင်းပြချက်တွေနဲ့ ယိုးမယ်ဖွဲ့ကာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးကို ထိန်းချုပ်ထားတဲ့ အခြေခံစံနှုန်းတွေကို လုံးဝချိုးဖောက်ပြီး တရုတ်ကို ဆန့်ကျင်ဖိနှိပ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တန်ပြန်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တရုတ်လူမှုရေး သိပ္ပံအကယ်ဒမီ အပြည်ပြည်ဆိုင်ရာဥပဒေဌာနမှ လီကျင်မင်းက ပြောပါတယ်။
တရုတ်အစိုးရဟာ ၂၀၂၁ ခုနှစ်မှ စတင်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်းစီကို သက်ဆိုင်တဲ့ တန်ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းက ပေကျင်းဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လက်ထက်က အမှုထမ်းခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဟောင်း မိုက်ခ်ပွန်ပီယို အပါအဝင် အရာရှိ ၂၈ ယောက်ကို ဒဏ်ခတ် ပိတ်ဆို့အရေးယူခဲ့ပါတယ်။
မိုက်ခ်ပွန်ပီယိုဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက်စွက်ဖက်ခြင်းနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို အားနည်းအောင် လုပ်ဆောင်လို့ ဆိုပြီး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။