မြန်မာအသင်း ကာဂျစ္စတန်ကို (၁-၈) ဂိုးဖြင့် ရှုံးနိမ့်

ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် အသင်းတို့ ဇွန်လ ၁၁ ရက်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက (၁-၈) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် ၂၄ မိနစ်မှာတင် ရန်နိုင်ဦး အထုတ်ခံခဲ့ရလို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်းမှာတင် ၅ ဂိုးသွင်းခံရပြီး ဒုတိယပိုင်းမှာ ၃ ဂိုးထပ်သွင်းခံရကာ ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ စုစုပေါင်း ၁ ဂိုး ၈ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ မြန်မာအသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ အလယ်တန်းလူ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အိမ်ရှင် ဂျပန်အသင်းနဲ့ ပွဲစဉ်မှာလည်း ၁၀ ဂိုးပြတ် စံချိန်တင်ရှုံးနိမ့် ခဲ့ပါတယ်။
မြန်မာ၊ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ မွန်ဂိုလီးယားတို့ ပါဝင်တဲ့ အုပ်စု F မှာ ဂျပန်အသင်းက လက်ကျန်ပွဲတွေရှိနေပေမဲ့ လက်ရှိ ၇ ပွဲကစား ရမှတ် ၂၁ မှတ် အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်ပါတယ်။
မြန်မာအသင်းကတော့ ၇ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အုပ်စုနောက်ဆုံး အသင်း ၂ နေရာမှာ ရှိနေပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ဝေးသွားပြီဖြစ်ပါတယ်။
PHOTO- AFC