ကဘူးလ်မြို့တော်တွင် မီနီဘတ်စ်ကား ၂ စီးဖောက်ခွဲခံရ၊ လူ ၇ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်အနောက်ပိုင်းမှာ မီနီဘတ်စ်ကား ၂ စီးကို ဇွန် ၁၂ ရက်က ပစ်မှတ်ထား ဖောက်ခွဲခံရလို့ လူ ၇ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ လူနည်းစု ဟာဇာရာတွေ လွှမ်းမိုးတဲ့ ရပ်ကွက်ထဲမှာ ဖြစ်ခဲ့ပြီးလူ ၆ ယောက်လည်း ဒဏ်ရာရတယ်လို့ ကဘူးလ်ရဲဌာန ပြောခွင့်ရက ပြောပါတယ်။
ဒီတိုက်ခိုက်မှု နောက်ကွယ်က ဘယ်သူရှိလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ဒီလ အစောပိုင်းမှာလည်း ဘတ်စ်ကားတွေ အလားတူ တိုက်ခိုက်ခံရလို့ အရပ်သား ၁၂ ယောက် သေဆုံးပါတယ်။
စက်တင်ဘာ ၁၁ ရက်မှာ အာဖဂန်ကနေ နိုင်ငံခြားတပ်တွေ ဆုတ်ခွာတော့မှာ ဖြစ်ပြီး တာလီဘန် သူပုန်တွေနဲ့ အာဖဂန်အစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ကြားဝင် ဖျန်ဖြေတဲ့ အားထုတ်မှုတွေ နှေးကွေးနေချိန်မှာ အကြမ်းဖက်မှု တိုးလာနေတာပါ။
ဟာဇာရာ လူ့အဖွဲ့အစည်းဟာ အိုင်အဲ့စ်စစ်သွေးကြွတွေ ပစ်မှတ်ထား တိုက်ခိုက်တာ ခံနေခဲ့ရတဲ့ အုပ်စုပါ။ မေလကလည်း ဒီနေရာမှာ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်လို့ ကျောင်းသူ အများစု အပါအဝင် လူအယောက် ၈၀ လောက် သေဆုံးခဲ့ပါတယ်။