ဝက်လက်မြို့နယ် ရွာသာကြီး အထကကျောင်းရှေ့တွေ့သည့် ဗုံးများကို စစ်ကောင်စီတပ်က ဖောက်ခွဲ

ဝက်လက်မြို့နယ်၊ ရွာသာကြီး အထက ကျောင်းရှေ့ အမှိုက်ပုံးထဲမှာ တွေ့ရှိတဲ့ ဗုံးတွေကို စစ်ကောင်စီတပ်က မေလ ၂၇ ရက် ညနေ ၆ နာရီလောက်မှာ ဖောက်ခွဲပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးတွေ့တဲ့နေရာကို မြို့နယ် ရဲတပ်ဖွဲ့နဲ့စစ်သားအချို့လာရောက်ပြီး အထက ကျောင်းရှေ့ ရွှေဘို မန္တလေးလမ်းမဘေးမှာပဲ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကျောင်းရှေ့က အမှိုက်အိတ်ထဲမှာ ဗုံးပါတယ်ဆိုပြီး စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတစုက မြို့နယ် စစ်ကောင်စီကို ညနေ ၃ နာရီလောက်မှာ အကြောင်းကြားတယ်။ စစ်ကောင်စီ ရဲနဲ့တပ်တွေရောက်လာပြီး လမ်းမကြီးကိုပိတ်တယ်။ နောက် စစ်ဆေးတယ်နဲ့တူပါတယ်။ ဘယ်သူ့မှ အကပ်မခံတော့ ဗုံးပါတယ် မပါဘူးမသိရဘူးပေါ့။ အဲဒီအမှိုက်အိတ်ကြီးက မနက်ကတည်းက ကျနော်တို့သွားလာနေတော့ မြင်နေရတယ်။ ဗုံးပါတယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ညနေ ၆ နာရီလောက်ကြတော့ ဗုံးပါတယ်ဆိုပြီး အဲဒီနေရာမှာပဲ ဖောက်ခွဲသွားကြတယ်။ တအုံးအုံးနဲ့ ၆ ချက် ၇ ချက် အသံကြားတယ်” လို့ ရွာသားတစ်ဦးကပြောပါတယ်။
ဗုံး ၇ လုံးဖေါက်ခွဲသွားတာလို့ သိရပြီး ရွာသူရွာသားတွေအနေနဲ့ ကိုယ့်ရွာပျက်စီးအောင် လုပ်မှာမဟုတ်သလို အခုလိုလုပ်တာက ရွာသူရွာသားတွေကိုခြောက်လှန့်လိုလို့ စစ်ကောင်စီတပ်က သူတို့ဘာသာယူလာပြီး ဖောက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီက စာသင်ကျောင်းတွေ ဖွင့်ဖို့ကြိုးစားနေစဉ် အတွင်း ပထမဆုံး မင်းရွာမှာ ဗုံးပေါက်ကွဲခဲ့သလို သခွတ္တော ကျေးရွာမှာလည်း စနစ်တံ မီးရှို့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။