အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန်ပြင်ဆင်ထားဟု ကင်ဂျုံအန်ပြော

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ထိပ်တိုက် ရင်ဆိုင်ခြင်း နှစ်မျိုးလုံးမှာ အထူးသဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်းအတွက် ပြင်ဆင်ထားသင့်ပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောသွားလိုက်ပါတယ်။
ဇွန် ၁၈ ရက်မှာ အစိုးရ ပိုင်ရုပ်မြင်သံကြား KRT ကနေ မြောက်ကိုရီးယားခေါင်းဆောင်က ကြေညာလိုက်တာဖြစ်ပြီး ဒါဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အစိုးရအပေါ် ပထမဆုံး တိုက်ရိုက်ပြောဆိုတဲ့ မှတ်ချက်စကားလည်း ဖြစ်ပါတယ်။
ကင်ဂျုံအန်ဟာ ဇွန် ၁၇ ရက်က အာဏာရအလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဘိုင်ဒင် အစိုးရရဲ့ မြောက်ကိုရီးယားမူဝါဒကို အသေးစိတ်လေ့လာ ဆန်းစစ်ခဲ့ပြီး ဝါရှင်တန်အစိုးရနဲ့ ဆက်ဆံရာမှာ သင့်လျော်တဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာမြောက် တန်ပြန်ဆောင်ရွက်မှုတွေကို ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားပါတယ်။
တွေ့ဆုံဆွေးနွေးမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှု နှစ်ခုလုံး အတွက် ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ပြောသွားတာဖြစ်ပြီး အထူးသဖြင့်က နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ထိပ်တိုက်ရင်ဆိုင်မှုကို သေချာပြင်ဆင်ထားဖို့ဖြစ်တယ်လို့ KRT သတင်းဖတ်ကြားသူက ကြေညာသွားပါတယ်။
ဒီလုပ်ဆောင်ချက်တွေဟာ နိုင်ငံရဲ့လုံခြုံရေးနဲ့ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို တကယ်အာမခံ ပေးမှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
ခေါင်းဆောင်ကင်ဟာ မြောက်ကိုရီးယားရဲ့ကိုယ်ပိုင် အစွမ်းအစအတွက် အကျိုး ဖြစ်ထွန်းမယ့်ပြင်ပ ပတ်ဝန်းကျင်တစ်ခုကိုလည်း ဖန်တီးဖို့ လိုကြောင်း အလေးပေး ပြောဆိုသွားပါတယ်။ သတင်းမှာတော့ ဘယ်လိုအရေးယူ ဆောင်ရွက်မှုဆိုတာကို အသေးစိတ် ဖော်ပြမထားပါဘူး။