နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံကျောင်းသားနှင့်ဆရာအချို့ လွတ်မြောက်

နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်း ကက်ဘိပြည်နယ်ထဲရှိ ကျောင်းတစ်ကျောင်းကနေ ပြန်ပေးဆွဲခံရတဲ့ ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေထဲက တစ်ယောက် သေဆုံးနေတာ တွေ့ရှိခဲ့ပြီး ကျောင်းသားငါးယောက်နဲ့ အနည်းဆုံး ဆရာတယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဇွန် ၁၈ ရက် မှာ စစ်တပ်က ပြောပါတယ်။
သေနတ်သမားတွေဟာ ဇွန် ၁၇ ရက်က ကက်ဘိပြည်နယ်ထဲက ကျောင်းတစ်ကျောင်းကို နေ့ခင်းကြောင်တောင် ဝင်စီးနင်းခဲ့ပြီး အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲ ဖမ်းဆီးခဲ့တာပါ။
ကျောင်းသား ၈၀ ကျော်ကို ခေါ်သွားတယ်လို့ ဆရာတဦးက ပြောကြားပြီး ဆရာ ၅ ယောက်လည်း ပြန်ပေးဆွဲခံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ကျောင်းသားအရေအတွက်ကိုတော့ ထုတ်မပြောပါဘူး။ ပြန်ပေးဆွဲသူ တွေကို ခြေရာခံလိုက်နေတဲ့ တပ်ဖွဲ့က တောထဲမှာ ကျောင်းသူတယောက် သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ နိုင်ဂျီးရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ဇွန်လ ၁၇ ရက် အစောပိုင်းအချိန်တွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် တချို့ လွတ်မြောက်လာလို့ ကယ်ဆယ်ခံရပါတယ်။
နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်တွေဟာ ပြန်ပေးဆွဲ ငွေတောင်းခံခြင်းကို လုပ်နေတာဟာ သီတင်းပတ်ပေါင်းများစွာ ရှိနေပြီး ခုတစ်ခေါက်မှာလည်း တတိယအကြိမ်မြောက် စာသင်ကျောင်းကနေ အစုလိုက်အပြုံလိုက်ပြန်ပေးဆွဲခြင်းဖြစ်ပါတယ်။
ဒီဇင်ဘာလတုန်းကလည်း ဒေသတွင်းမှာ ကျောင်းသား ၈၀၀ ကျော်ဟာ သူတို့ စာသင်ကျောင်းတွေကနေ ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။
ကျောင်းကို တိုက်ခိုက်မယ့်အလားအလာတွေ ရှိတယ်ဆိုတဲ့ သတိပေးချက်တွေကို ကျောင်း က ရရှိထားပေမဲ့ ကျောင်းမပိတ်ခဲ့ဘူးလို့ ဆရာတစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။