တိုကျိုအိုလံပစ်အတွက် ပို့ဆောင်ရေးပိုင်း ပြင်ဆင်လေ့ကျင့်

ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုမှာ အိုလံပစ် ၂၀၂၀အတွက် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေ ကျင်းပချိန် သယ်ယူပို့ဆောင်ရေးအတွက် ပြင်ဆင်တဲ့ အနေနဲ့ ဇွန် ၂၀ ရက်မှာ လေ့ကျင့်နေကြပါတယ်။
တိုကျို ၂၀၂၀ စီစဉ်ရေးကော်မတီက ဝန်ထမ်းအယောက် ၇၅၀ ဟာ အားကစားသမားတွေ အဖြစ် သရုပ်ဆောင်ပြီး အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ် ရွာတွေမှာ ဘတ်စ်ကား အစီး ၈၀ကို စီးခဲ့ကြပါတယ်။
အဲဒီနောက် ဂျပန်အမျိုးသားအားကစားရုံကို သန်းခေါင်ကျော် မနက် ၁ နာရီ မထိုးခင် ထွက်လာခဲ့တာပါ။
တခြားဘတ်စ်ကား ၆၂ စီးကတော့ မီဒီယာစင်တာနဲ့ အိုလံပစ် အရာရှိတွေနေမယ့် ဟိုတယ်တို့ကနေ သီးခြားစီ မောင်းထွက် လာခဲ့ကြပါတယ်။
“အိုလံပစ်ပွဲနဲ့ ပတ်သက်သမျှ လူတွေအားလုံး ဇူလိုင် ၂၃ ရက်မှာ ဖွင့်ပွဲ အခမ်းအနားအတွက် အိုလံပစ်အားကစားရုံမှာ စုရပ်အဖြစ်ရောက်ရမယ်။ အဲဒီနေ့မှာ သယ်ယူပို့ဆောင်ရေးက အရေးကြီးတာကြောင့် ပုံမှန်ဖြစ်တာ သေချာစေဖို့ ကျနော်တို့ တာဝန်ပဲ” လို့ တိုကျိုအိုလံပစ် ၂၀၂၀ သယ်ယူပို့ဆောင်ရေး ဗျူရိုရဲ့ အကြီးတန်းဒါရိုက်တာ ခတ်စုဟိဆ ဆာ့အိတိုက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် တစ်နှစ်လောက် အချိန် နှောင့်နှေးခဲ့ရတဲ့ အိုလံပစ် ပွဲတော်ကို နိုင်ငံခြားသားပွဲကြည့်ပရိသတ်တွေ တက်ရောက်ခွင့် တားမြစ်ပိတ်ပင် ထားပါတယ်။
ဒါပေမဲ့ အားကစားရုံတွေမှာ ဂျပန်ပွဲကြည့်ပရိသတ်တွေ တက်ရောက် ကြည့်ရှုခွင့် ပေးမပေး ဆုံးဖြတ်ဖို့ ပွဲစီစဉ်သူတွေနဲ့ အစိုးရတို့ လချီ အချိန်ယူခဲ့ရပါတယ်။ ဒီကိစ္စကို လာမယ့် သီတင်းပတ် အစောပိုင်းမှာ ဆွေးနွေးဖို့ တိုကျိုအိုလံပစ် ပွဲစီစဉ်သူတွေက မျှော်မှန်းထားပါတယ်။