close

စစ်ကြောရေးတွင် ကျဆုံးသွားသည့် ကလေးမြို့မှ ၁၅ နှစ်သားအပါအဝင် ကျဆုံးပြည်သူ ၈၇၂ ဦးထိ ရှိလာ

မတရားအာဏာသိမ်းကာလ ၄ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၇၂ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အထိ မှတ်တမ်းပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၂၁၉ ယောက် ဖမ်းဆီးခံခဲ့ရကာ လက် ရှိ  ၅၀၃၃ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၀ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေ ဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၁၈ ယောက်ကတော့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒေသခံရွာသား ဦးစိန်မင်းကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒဏ်ရာနဲ့ လဲနေချိန်မှာ ပစ်သတ်သွားခဲ့ပြီး တူမီးသေနတ်ကို ဘေးချသွားကာ လက်နက်ကိုင်အဖွဲ့ဝင်ပုံစံ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာတော့ အကြမ်းဖက်စစ်အုပ်စုက အ သက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်မောင်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားတဲ့ စီးပွားရေးဘဏ်ဝန်ထမ်းတယောက်နဲ့ ဖခင်နဲ့ အစ်ကိုဖြစ်သူတို့ကို လာရောက် ဖမ်းဆီးချိန်မှာ မတွေ့ရှိတာကြောင့် နေမကောင်းလို့ အိပ်ရာထဲလဲနေတဲ့ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ယောက်တို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၀ ရက်နေ့မှာတော့ မောင်ကျော်မင်းခန့်မောင်ဟာ စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း မိသားစုဆီ အကြောင်းကြားလာခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up