close

ကွန်ဂိုနိုင်ငံမြောက်ပိုင်းတွင် ပြည်သူ့စစ်များ လက်နက်ချ

ကွန်ဂိုနိုင်ငံမြောက်ပိုင်း ကီဗူပြည်နယ်မှာ ပြည်သူ့စစ် တိုက်ခိုက်ရေးသမား ဒါဇင်ချီဟာ အိုဟောင်းနေတဲ့ ရိုင်ဖယ် အများစု ဖြစ်တဲ့ သေနတ်အလက် ၇၀ နဲ့အတူ ဇွန်လ ၂၁ ရက်က လက်နက်ချ အညံ့ခံခဲ့ပါတယ်။

သမ္မတ ဖဲလစ်တီရှီဆေကေဒီက အရှေ့ပိုင်းပြည်နယ် ၂ ခုမှာ လုံခြုံရေးအခြေအနေ ပိုဆိုးလာတာကို ထိန်းချုပ်ဖို့ စစ်ဥပဒေကို ကြေညာအပြီး ပထမဆုံးအနေနဲ့ လက်နက်ချခဲ့တာပါ။

ကွန်ဂိုရဲ့ ဒုတိယမြောက် ပြည်တွင်းစစ် ၂၀၀၃ ခုနှစ်မှာ တရားဝင် ပြီးဆုံးပြီးကတည်းက သတ္တုကြွယ်ဝတဲ့ နိုင်ငံအရှေ့ပိုင်းမှာ ပဋိပက္ခ ထူပြောလာခဲ့တာပါ။ လက်နက်ကိုင်အုပ်စု ၁၂၀ ကျော်ဟာ ဒေသတွင်း နယ်မြေနဲ့ သဘာဝ သယံဇာတတွေကို ထိန်းချုပ်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။

၂ နှစ်ကြာ အကြမ်းဖက်မှု ထိန်းချုပ်ဖို့ မေလအစောပိုင်းမှာ သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမဲ့  ကီဗူလုံခြုံရေး ခြေရာကောက်အဖွဲ့က ကောက်ယူစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ဒေသတွင်း မတည်ငြိမ်ဘဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုတိုးလာနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စစ်တပ်တွေရဲ့ ပြဿနာဖြစ်စေတဲ့ အမူအကျင့်တွေ သမိုင်းကြောင်းရှည်ကြီး ရှိနေတာကို ထောက်ပြရင်း စစ်တပ်အာဏာ တိုးလာတာဟာ သွေးစွန်းစေတဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မယ့်ပုံ မပေါ်ဘူးလို့ ပဋိပက္ခ အကဲခတ်တွေက ပြောပါတယ်။

ကွန်ဂိုအရှေ့ပိုင်းက အစိုးရတပ်တွေရဲ့ လိင်ပိုင်းအကြမ်းဖက်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂက အရင်အပတ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြ ထားပါတယ်။

ကွန်ဂိုစစ်တပ်ဟာ လက်နက်တွေကို လက်နက်ကိုင်အုပ်စုတွေဆီကို လွှဲပေးပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံထဲကို စွန့်ပစ်စိုက်ပျိုးမြေတွေက ထွက်တဲ့ ကိုကိုးတွေ မှောင်ခိုသွင်းနေတယ်လို့ အစီရင်ခံစာက စွပ်စွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up