ဂန့်ဂေါခရိုင်တွင် ကိုဗစ်-၁၉ လူနာ ၁၁၂ ဦးနှင့် သေဆုံးသူ ၃ ဦးရှိလာ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁၂ ယောက်နဲ့ သေဆုံး လူနာ ၃ ယောက်ရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဂန့်ဂေါခရိုင်အတွင်းမှာ အမျိုးသား ၄၃ ယောက်နဲ့ အမျိုးသမီး ၆၇ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ခရိုင်အတွင်းက ဆေးရုံတွေမှာ ၉၉ ယောက် ဆေးရုံ တက်ရောက်ကုသကာ၊ ဆေးရုံကဆင်းတဲ့ လူနာ ၁၀ ယောက်နဲ့ သေဆုံးတဲ့သူ ၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေကတော့ ဂန့်ဂေါမြို့ပေါ်ရပ်ကွက် ၂ ခုအပါဝင် ကျေးရွာ ၁၅ ရွာနဲ့ ထီးလင်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးတဲ့ လူနာတွေကတော့ ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာက အမျိုးသား ၂ ယောက်နဲ့ မွှေ့လယ်ကျေးရွာက အမျိုးသားတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။