ဒီပဲယင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၄ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနဲ့ ရွာသစ်ကျေးရွာကြား ရွာသစ်ချောင်းတံတားအနီးမှာ ဇွန်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က အကြမ်းဖက်စစ်တပ် စစ်ယာဉ်တန်းကို ဒီပဲယင်း PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ဦးအပြင်းအထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
“စစ်ကောင်စီတပ်တွေက ကားလေးနှစ်စီး၊ ကားကြီးနှစ်စီးနဲ့ ဒီပဲယင်းကနေ မုံရွာဘက်ကို ထွက်လာတာ။ ရွာသစ်ချောင်းတံတားနားအရောက်မှာ မိုင်းခွဲလိုက်တာ။ စစ်သား ၃ ဦးနဲ့ ရဲတစ်ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်”လို့ PDF ပြန်ကြားရေးက ပြောပါတယ်။
စစ်သား ၃ ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်း ထိမှန်ခဲ့ပြီး၊ ရဲတစ်ဦးကတော့ မျက်နှာထိတယ်လို့ သိရပါတယ်။
မျက်နှာထိမှန်ခံရတဲ့ရဲမှာ မြို့နယ်စခန်းမှူးဖြစ်တယ်လို့ သိရပြီး ခန္ဓာကိုယ်အောက်ပိုင်း ထိမှန်သူထဲက တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေနေဖြစ်လို့ လူနာတင်ကားနဲ့ အရေးပေါ်သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့ ညပိုင်းမှာ ဒီပဲယင်းမြို့မရဲစခန်းအတွင်းက သေနတ်ပစ်ဖောက်သံတွေလည်း အဆက်မပြတ် ထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။