မိတ္ထီလာခရိုင်တွင် ကိုဗစ်ပိုးတွေ့ ၄ ဦးထပ်တိုးသဖြင့် ဇွန်လအတွင်း စုစုပေါင်း ၂၈ ဦးအထိ ရှိလာ

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဇွန်လ ၂၉ ရက်နေ့က မိတ္ထီလာမြို့နယ်က ကိုဗစ်ပိုးတွေ့သူ ၃ ဦးနဲ့ ဝမ်းတွင်းမြို့နယ်က ၁ ဦးတို့ အသစ်ထပ်တိုးလာသဖြင့် တခရိုင်လုံး ကိုဗစ်ပိုးတွေ့သူ ၂၈ ဦးအထိ ရှိလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"မိတ္ထီလာပေါက်ချောင်းရပ်ကွက်နေတဲ့ အမျိုးသားတစ်ဦးက သူကိုယ်သူ သံသယရှိလို့ ဟိုတယ်မှာ ကွာရတင်း ဝင်နေတာ ၃ရက်ရှိပြီ။ ဒီနေ့ စစ်လိုက်တော့ ပိုးတွေ့တယ်။ ယင်းတော်ရွာက အမျိုးသမီး ၂ ဦးမှာလည်း ကိုဗစ်ပိုးတွေ့တယ်။ ဝမ်းတွင်းမြို့နယ် ဉာဏ်ကန်ရွာက အမျိုးသမီးတစ်ဦးမှာလည်း ကိုဗစ်ပိုးတွေ့တယ်" လို့ ပြောပါတယ်။
မိတ္ထီလာခရိုင် ၄ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့သူပေါင်း ယခင်က ၂၄ ဦးရှိခဲ့ရာ ဒီနေ့ အသစ် ၄ ဦး ထပ်တိုးတွေ့တာကြောင့် ဇွန်လအတွင်းမှာ ကိုဗစ်ပိုးတွေ့သူ ၂၈ ဦး ရှိခဲ့ပြီး ဝမ်းတွင်းက ၃ ဦးကတော့ ကိုဗစ်ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသွားခဲ့တာကြောင့် တခရိုင်လုံးမှာ ဆက်လက်ဆေးကုသနေသူ ၂၅ ဦးရှိနေပါတယ်။