ELN ပြောက်ကျားတပ်သားများထံမှ ကိုကင်း ၆ တန် ကိုလံဘီယာအာဏာပိုင်များ သိမ်းဆည်းရမိ

ကိုလံဘီယာနိုင်ငံ အရှေ့တောင်ပိုင်းက တောနက်ဒေသထဲမှာ အာဏာပိုင်တွေဟာ လက်ဝဲယိမ်း အမျိုးသားလွတ်မြောက်ရေး စစ်တပ် (ELN) ရဲ့ ပြောက်ကျားတပ်သားတွေဆီကနေ ကိုကင်း ၆ တန် သိမ်းဆည်းရမိခဲ့တယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ဒီယေဂို မိုလာနိုက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။
ပစိဖိတ်ကမ်းရိုးတန်းနားက နာရီနိုပြည်နယ် စာမာနေးဂို ကျေးလက်ဒေသက စစ်ဆင်ရေးအတွင်း ကိုကင်းတွေကို ဖမ်းမိတာလို့ ဆိုပါတယ်။
ဒီရိုက်ချက်ဟာ ဒီအုပ်စုရဲ့ ဘဏ္ဍာရေးကို ထိခိုက်ပျက်စီးစေလိမ့်မယ်လို့ မိုလာနိုက ကြေညာချက်ထဲမှာ ပြောပါတယ်။
ဒီမူးယစ်ဆေးတွေဟာ ELN အဖွဲ့ကို အမေရိကန် ဒေါ်လာ ၈ သန်းဖိုးလောက် လစဉ် အကျိုးအမြတ်ရစေနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကိုကင်း ချက်လုပ်ရာမှာ အဓိကဖြစ်တဲ့ ကိုကာစိုက်ပျိုးရာ ဒီဒေသဟာ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ဧက ၆ သိန်းကျော် တိုးလာပြီး ကိုကင်း ထုတ်လုပ်မှုဟာလည်း တနှစ်ကို တန်ချိန် ၁၀၁၀ ထိ မြင့်တက်ခဲ့တယ်လို့ အမေရိကန် အမျိုးသားမူးယစ်ထိန်းချုပ်ရေး မူဝါဒရုံးက အရင်အပတ်က ပြောပါတယ်။
ကိုလံဘီယာ လုံခြုံရေးတပ်တွေဟာ ၂၀၂၀မှာ ကိုကာ ဟက်တာ ၁ သိန်း ၃ သောင်းကို ဖျက်ဆီးခဲ့ပြီး ကိုကင်း ၅၀၅ တန်ကို သိမ်းဆည်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။