တောင်းဆိုမှုများကို မဖြေရှင်းနိုင်ပါက ဆန္ဒပြမှုများ ပြင်းထန်လာမည်ဟု ကိုလံဘီယာ အလုပ်သမားသမဂ္ဂပြော

ကိုလံဘီယာအစိုးရနဲ့ ကွန်ဂရက်တို့က ပြည်သူလူထုရဲ့ လူမှုရေးနဲ့ စီးပွားရေး တောင်းဆိုမှု တွေကို မဖြေရှင်းနိုင်ရင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ဒုတိယနှစ်ဝက်အတွင်းမှာ ပိုမို ပြင်းထန်လာလိမ့်မယ်လို့ အမျိုးသားသပိတ်မှောက်ရေးအဖွဲ့၀င်နဲ့ အလုပ်သမားသမဂ္ဂဥက္ကဌ FRANCISCO MALTES က ပြောပါတယ်။
ဒီတိုင်းပြည်မှာ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းစွာ စည်းရုံးလှုံ့ဆော်ခြင်းတွေကနေ အပြောင်းအလဲတွေ ရရှိနိုင်တယ်ဆိုတာကို နိုင်ငံသားတွေက နားလည်ထားပါပြီလို့လည်း ဆိုပါတယ်။
အခုဆိုရင် အခွန်ပြုပြင်ပြောင်းလဲရေးကို ဖြုတ်ချလိုက်ပြီ၊ ဘဏ္ဍာရေး၀န်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီ၊ အဓိပတိတယောက်ကို ဖြုတ်ချလိုက်ပြီ၊ ကျန်းမာရေးကဏ္ဍအတွက် ဆိုးရွားလှ တဲ့ ဥပဒေစီမံကိန်းတစ်ခုကိုလည်း ဖြိုချလိုက်ပြီလို့ ပြောသွားပါတယ်။
တကယ်လို့ သမ္မတနဲ့ ကွန်ဂရက်တို့က ကိုလံဘီယာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မဖြေရှင်းပေးနိုင်ရင် နောက်လာမယ့် အမျိုးသားသပိတ်က ပိုပြီး အားကောင်းတဲ့ အင်အားများတဲ့ ပိုပြီးကာလရှည်ကြာတဲ့ ဧပြီ ၂၈ ရက်က စခဲတဲ့ နောက်ဆုံးသပိတ်ထက် ပိုပြီးကျယ်ပြန့်ကြီးမားတဲ့ သပိတ်ကြီး ပေါ်လာလိမ့်မယ်လို့လည်း ပြောသွားပါတယ်။
ကိုလံဘီယာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဧပြီလကစပြီး သမ္မတ Ivan Duque ကို ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။
ပြည်သူတွေဟာ ဆင်းရဲတဲ့မိသားစုတွေအတွက် အခြေခံ၀င်ငွေ၊ လူငယ်တွေအတွက် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ရဲတပ်ဖွဲ့ရဲ့ ဖိနှိပ်မှုကို အဆုံးသတ်ဖို့တွေကို တောင်းဆိုခဲ့ ကြတာပါ။
တချို့နေရာတွေမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်းတွေနဲ့ အဆုံးသတ်ခဲ့ကြပြီး နိုင်ငံရဲ့သမိုင်းမှာ အရှည်ကြာဆုံးနဲ့ အကြမ်းဖက်မှု အများဆုံး ဖြစ်လာပါတယ်။
ဆန္ဒပြပွဲတွေအတွင်း လူ ၂၄ ဦး သေဆုံးတယ်လို့ ရှေ့နေချုပ်ရုံးက အတည်ပြုခဲ့ပါတယ်။
ဇွန်လလယ်မှာတော့ ဆန္ဒပြခေါင်းဆောင်တွေဟာ စည်းရုံးလှုံ့ဆော်မှုတွေကို ဆိုင်းငံ့ခဲ့ပြီး တချိန်တည်းမှာပဲ သူတို့ရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကွန်ဂရက်မှာ တင်ပြမယ့် စီမံကိန်းတွေကို ရေးခဲ့ကြပါတယ်။