ကြို့ပင်ကောက်တွင် ကျောင်းဆရာမအပါအဝင် ကိုဗစ်လူနာ ၉ ဦးတွေ့၊ စာသင်ကျောင်းယာယီ ပိတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ကျောင်းဆရာမတစ်ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ယမင်းသံဖြူကျေးရွာ စာသင်ကျောင်းက ကျောင်းဆရာမတစ်ဦးမှာ ဇွန်လ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး သူနဲ့ထိစပ်သူ ၁၂ ဦးကို ရောဂါပိုးစစ်ဆေးရာက ၈ ဦးမှာ ပိုးတွေ့ခဲ့တာလို့ ပရဟိတအဖွဲ့ဝင်ဒေသခံတဦးက ပြောပါတယ်။
"ဆရာမနဲ့ ထိစပ်သူ ၁၂ ဦးကို ဒီနေ့ RDT နဲ့ စစ်ဆေးတော့ ၈ ယောက် ပိုးတွေ့ခဲ့တာပါ။ ရောဂါပိုးကူးစက်ခံရတဲ့ ဆရာမက ခရီးသွားရာဇဝင်မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ တပတ်လောက်က ရန်ကုန်က ဧည့်သည်တစ်ယောက်ရောက်လာခဲ့ပြီး ၂၂ ရက်နေ့တွင်ပြန်သွားတယ်။ သူ့ကို ရန်ကုန်မှာစစ်ဆေးခဲ့ရာ ပိုးတွေ့လို့ ဆရာမကို စစ်ရာက ဆရာမမှာလည်း ရောဂါပိုးကူးနေတာ တွေ့ရတယ်။”
အဆိုပါ ဆရာမတာဝန်ထမ်းဆောင်နေတဲ့ ယမင်းသံဖြူကျေးရွာ စာသင်ကျောင်းကို ယာယီပိတ်ထားပါတယ်။ ကြို့ပင်ကောက်မြို့နယ်မှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၄ ဦးနေပြီလို့ သိရပါတယ်။