close

တောင်တွင်းကြီးတွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅ ဦးတွေ့ရှိ

တောင်တွင်းကြီးမြို့မှာ ဒီကနေ့ ဇူလိုင် ၁ တစ်ရက်တည်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၃၅ ဦး စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။

''ဒီနေ့တွေ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေက တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာမှာနေတဲ့ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၃၃ ဦးဖြစ်မှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာပါ။ ကျန်အတည်ပြုလူနာ ၂ ဦးက မြို့ပေါ်က မောင်းတိုင် ၂ ရပ်ကွက်မှာနေတဲ့ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့မှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာ” လို့ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပြည်သူ့ကျန်းမာရေးအတွက် ပရဟိတသမားတွေများပေမယ့် အခုအချိန်မှာ ကျန်းမာရေးပရဟိတသမားတွေ အလွန်နည်းပါးနေကြောင်း သိရပါတယ်။

ဒေသခံတစ်ဦးက “အခုဖြစ်နေတဲ့ ရောဂါအခြေအနေကို စစ်ကောင်စီက ကောင်းကောင်းမထိန်းနိုင်လောက်ဘူး။ အရင်တုန်းက ပရဟိတစိတ်နဲ့လုပ်ခဲ့ကြတဲ့သူတွေကလည်း အခုမရှိကြတော့ဘူး။ စစ်ကောင်စီနဲ့လက်တွဲမလုပ်ချင်တဲ့ ပရဟိတသမားတွေကိုလည်း အပြစ်ပြောလို့မရဘူးလေ။ တစ်ဦးချင်းစီသာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကြရမှာပေါ့” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက် မှ ဇူလိုင်လ ၁ ရက်အထိ ကိုဗစ်-၁၉ ကိုဗစ်အတည်ပြုလူနာပေါင်း ၄၂ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှတ်တမ်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up