ဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်အစိုးရက ၆ လ နေထိုင်ခွင့်ဗီဇာထုတ်ပေး

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီး နေရင်းနိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့တဲ့ မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်အစိုးရက ၆ လ နေထိုင်ခွင့် ပြုလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြည့်လျှံအောင်ကို ဇူလိုင် ၂ ရက်က အိုဆာကာဒေသ လူဝင်မှုကြီးကြပ်ရေး၀န်ဆောင်မှုဗျူရိုက ဂျပန်နိုင်ငံမှာ ၆ လ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ပြုထားတဲ့ ဗီဇာအမျိုးအစားကို ခွင့်ပြုပေးလိုက်တာပါ။
လူဝင်မှုကြီးကြပ်ရေး ၀န်ဆောင်မှုအေဂျင်စီက သူ့ရဲ့ယာယီနေထိုင်ခွင့်ကာလအတွင်းမှာ ဒုက္ခသည်အဆင့်အတန်းအတွက် လျှောက်ထားမှုကို စဉ်းစားပေးဖို့ မျှော်လင့်နေပါတယ်။ သူက ဖမ်းဆီးနှိပ်စက်မှုတွေ ကြုံရမှာမို့လို့ မြန်မာနိုင်ငံကိုပြန်ဖို့ ကြောက်တယ်လို့ ပြောပါတယ်။
ပြည့်လျှံအောင်ဟာ မြန်မာအသင်းနဲ့အတူ ဂျပန်ကိုလာပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျပန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမစခင် နိုင်ငံတော်သီချင်း သီဆိုချိန်မှာ မြန်မာနိုင်ငံတွင်းက စစ်တပ်အာဏာသိမ်းမှုနဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။
နောက်ပိုင်း သူဟာ မြန်မာနိုင်ငံကိုပြန်မယ့် လေယာဉ်ပေါ်တက်ဖို့ ငြင်းဆန်ခဲ့ပြီး ဂျပန်မှာ ခိုလှုံခွင့် တောင်းခံခဲ့တာပါ။ လူ၀င်မှုကြီးကြပ်ရေး ၀န်ဆောင်မှုအေဂျင်စီဟာ မြန်မာနိုင်ငံက မငြိမ်မသက်မှုတွေကြောင့် အိမ်မပြန်ချင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် မူဝါဒကို ချမှတ်ထားပါတယ်။
သူတို့တွေဟာလည်း ပြည့်လျှံအောင်ကို ပေးထားတဲ့ ဗီဇာအမျိုးအစားနဲ့ဆင်တူပြီး ၆ လ ကနေ ၁ နှစ်အထိ နေထိုင်ခွင့်ပြုထားတာပါ။ ဗီဇာရရှိပြီးနောက်မှာ ပြည့်လျှံအောင်က ဂျပန်အစိုးရနဲ့ ကူညီပေးတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။