စမွတ်ပရကန်ပလတ်စတစ်စက်ရုံ ပေါက်ကွဲမီးလောင်မှု ဘတ်သန်းပေါင်း ၇၀၀ ခန့်ဆုံးရှုံး

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့မှာရှိတဲ့ Ming DIH Chemical Co.,Ltd., ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှာ ဒီကနေ့မနက် ၃ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူပေါင်း ၃၀၀,၀၀၀ ကျော် ဘေးကင်းရာထွက်ပြေးခိုလှုံရကာ ဘတ်သန်းပေါင်း ၇၀၀ ခ န့်ဆုံးရှုံးနိုင်တယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ စက်ရုံမှာ ဓာတုပစ္စည်းအမျိုးအစားပေါင်း ၁၀ မျိုးထက်မနည်း သိုလှောင်ထားတဲ့ ကန်တွေရှိပြီး မီးမလောင်ခင်က ပေါက်ကွဲမှုနဲ့ စတင်ခဲ့ကြောင်း၊ အဲဒီနောက်မှ မီးတောက်မီးလျှံတွေ ကောင်းကင်ပေါ်တက်လာပြီး ဆက်တိုက်ပေါက်ကွဲမှု တုန်ခါမှုတွေကြောင့် ရပ်ကွက်ထဲက နေအိမ်တချို့ မှန်ပြတင်းတွေပါ ကွဲထွက်ကုန်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါ တယ်။
မီးလောင်မှုကြီးမားတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မြေပြင်ကနေရော ကောင်းကင်ပေါ်ကနေ ရဟတ်ယာဉ်တွေနဲ့ပါ ရေတွေပက်ဖျန်းကာ အနည်းဆုံး ၅ နာရီကြာအောင် ကြိုးပမ်းပြီးမှ မီးအရှိန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ခါ ပေါက်ကွဲမှုတွေ ထပ်ဖြစ်ပြီး သေဆုံးဒဏ်ရာရသူအနေနဲ့တော့ ဒီနေ့ခင်း ၁၂ နာရီခွဲထိ အတည်ပြုချက်အရ ကယ်ဆယ်ရေးလုပ်သား ၁ ဦးသေဆုံး ၂၉ ဦး ဒဏ်ရာရထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒဏ်ရာရသူ ဘယ်သူဘယ်ဝါ ဖော်ပြထားခြင်းမရှိပေမဲ့ ဘန်ဖရီမြို့ရှိ စက်ရုံအလုပ်ရုံတွေမှာ မြန်မာအလုပ်သမားတွေ အမြောက်အမြား ဝင်ရောက်လုပ်ကိုင်နေကြတာပါ။
ဓာတုဆေးရည်တွေကနေ ပေါက်ကွဲလာတဲ့ မီးခိုးမှုန်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အတွက် စက်ရုံနဲ့ ၅ ကီလိုမီတာအကွာက လူပေါင်း ၂၁၆,၆၉၉ ဦး ၊ စက်ရုံနဲ့ ၇ ကီလိုမီတာအကွာထိ လူပေါင်း ၁၂၄,၈၄၁ ဦး အခိုးငွေ့ကင်းစင်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဆိုပါ သိန်းနဲ့ချီတဲ့လူတွေဟာ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်တဝိုက်ရှိ ကုန်တိုက်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ လေဆိပ်ဝန်ထမ်းအိမ်ရာနဲ့ ဆေးရုံတွေအပါအဝင် ရပ်ကွက်ပေါင်း ၅ ရပ်ကွက်နေ ပြည်သူတွေ ဖြစ်ကြပါတယ်။
ဆေးရုံကြီး ၅ ခုမှာ ကိုဗစ်-၁၉ လူနာ၊ အရေးပေါ်လူနာ၊ နာတာရှည်လူနာတွေပါ ပါဝင်ပြီး အဆိုပါလူနာတွေကိုလည်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။
စက်ရုံပိုင်ရှင်မှာ တရုတ်နိုင်ငံသား ၄ ဦး အစုရှယ်ယာပိုင်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံမှုအပါအဝင် ဆုံးရှုံးမှုတန်ဖိုး ဘတ် သန်းပေါင်း ၇၀၀ ထိ ရှိနိုင်တယ်လို့ ထိုင်းအမျိုးသားစီမံနဲ့ စီးပွားဝန်ကြီးဌာနက ခန့်မှန်းပါတယ်။ ဒါ့အပြင် အနီးနားရပ်ကွက်ရှိ လူနေအိမ် ၇၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက မထုတ်ပြန်သေးပါဘူး။