စမွတ်ပရကန်စက်ရုံ မီးလောင်မှုကြောင့် မိုးရေထဲတွင် အဆိပ်သင့်ဓာတုများ ပါနိုင်ဟု ထိုင်းမိုးဇလ သတိပေး

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်ရှိ Ming DIH Chemical စက်ရုံမှာ ဇူလိုင် ၅ ရက် မနေ့က ပေါက်ကွဲမီးလောင်မှုကြီးမားစွာဖြစ်ပွားခဲ့ပြီး မီးကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် မီးခိုးမြူမှုန်တွေဟာ ဒီမနက်အထိ လေထုထဲမှာ ပျံ့လွင့်နေပါတယ်။
စက်ရုံမှာ သိုလှောင်ထားတဲ့ ဓာတုဆေးရည်တွေ ပေါက်ကွဲမီးလောင်တာကြောင့် လေထုထဲမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်သင့်ဓာတုတွေ ပါဝင်နိုင်ကြောင်း ၊ ဘန်ကောက်မြို့နဲ့ အနီးနားဝန်းကျင်တဝိုက်မှာ ဒီကနေ့ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းကနေ ညပိုင်းထိ မိုးရွာနိုင်ပြီး မိုးရေကို သတိထားဖို့ ထိုင်းမိုးလေဝသနဲ့ဇလဗေဒဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။
အထူးသဖြင့် လေဟာ အနောက်တောင်ဘက်အရပ်ကနေ တိုက်ခတ်လာမှာမို့ လေသင့်ရာခရိုင် ၂ ခုဖြစ်တဲ့ နခွန်းနာယုဒ်နဲ့ ချချိန်းဆောင်းခရိုင်က ပြည်သူတွေအနေနဲ့ လတ်တလောကျလာတဲ့ မိုးရေကို အသုံးမပြုဖို့သတိပေးထားပါတယ်။
ဒါ့အပြင် မိုးရေတွေ စီးကျလာမယ့် မြစ်ချောင်းအင်းအိုင်ထဲက ရေတွေကို ခုရက်ပိုင်း တစ်ရက်နှစ်ရက်အတွင်း အခြေအနေကိုကြည့်ပြီးမှ အသုံးပြုဖို့ မိုးဇလညွှန်မှူး နိုင်းနာ့ဿ်ဖုန်း နတ်ထဆုမ်ကွန်းက တိုက်တွန်းပြောပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့မှာရှိတဲ့ Ming DIH Chemical Co.,Ltd., ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှာ မနေ့ညနေ ၃ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူပေါင်း ၃၀၀,၀၀၀ ကျော် ဘေးကင်းရာထွက်ပြေးခိုလှုံရကာ ဘတ်သန်းပေါင်း ၇၀၀ ခ န့်ဆုံးရှုံးနိုင်တယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။