ရုရှားအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့်လေယာဉ် ၅ ရက်မြောက်အထိ ရှာမတွေ့သေး

ရုရှားကယ်ဆယ်ရေးသမားတွေ နိုင်ငံအရှေ့ဖျားပိုင်းက ခမ်ချတ်ကာဒေသထဲမှာ ပျက်ကျသွားတဲ့ လေယာဉ်ကို ရှာဖွေနေကြရာမှာ ၅ ရက်ရှိသွားပြီဖြစ်ပြီး ခုချိန်အထိ ရှာမတွေ့သေးပါဘူး။
Antonov An-26 အမွှာအင်ဂျင်နှစ်လုံးတပ် လေယာဉ်မှာ လိုက်ပါသွားသူ ၂၈ ဦး ရှိပြီး လေယာဉ်မှူးတွေဟာ ဇူလိုင် ၆ ရက်က လေကြောင်းထိန်းချုပ်မှုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။
အရင်ရက်တွေက ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအတွင်း ကယ်ဆယ်ရေးသမားတွေဟာ မောင်းသူမဲ့လေယာဉ်ကိုသုံးပြီး ၁ ဒသမ ၅ စတုရန်းကီလိုမီတာ ရေပြင်ကျယ် အပါအဝင် ကမ်းရိုးတန်းမျဉ်းရဲ့ ၂၀ ကီလိုမီတာကို စစ်ဆေးရှာဖွေခဲ့တယ်လို့ အရေးပေါ်ဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာအကြီးအကဲ ကွန်စတန်တင် ပက်ဗ်လော့ဗ်က ပြောပါတယ်။
ရဟတ်ယာဉ်ကလည်း ကမ်းရိုးတန်းဇုန်နဲ့ ရေပြင်ဧရိယာ ၄၈၀ စတုရန်းကီလိုမီတာထိ စစ်ဆေးခဲ့ပြီး ရေငုပ်သမားတွေကလည်း ပင်လယ်ကြမ်းပြင် ၄ ဒသမ ၅ စတုရန်းကီလိုမီတာကို စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူ တယောက်မှ မရှိဘူးလို့ ရုရှားသတင်းအေဂျင်စီတွေက ကယ်ဆယ်ရေး လုပ်နေတဲ့ နေရာက အရာရှိတွေကို ကိုးကားအစီရင်ခံပါတယ်။
လေယာဉ်ပျောက်ဆုံးသွားချိန်ဟာ ဒေသဆိုင်ရာမြို့တော် ပက်ထရိုပါဗလိုဗ်ခ် ခမ်ချတ်စကီမြို့ကနေ ခမ်ချန်စကာကျွန်းဆွယ်ရဲ့ မြောက်ဘက်က ပလာနာရွာကို ပျံသန်းနေချိန်ဖြစ်တယ်လို့ အရေးပေါ်ဝန်ကြီးဌာနကပြောပါတယ်။