ယူကရိန်းနှင့် အမေရိကန်ရေတပ် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုပြီးစီး

ယူကရိန်းနဲ့ အမေရိကန်ရေတပ်တွေဟာ ပူးတွဲတိုက်ခိုက်ရေး သင်တန်းနဲ့ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုအဆင့်ကို ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပြီလို့ Sea Breeze 2021 စစ်ရေးလေ့ကျင့်မှုအတွက် ပူးတွဲညွှန်မှူး အိုလက်ဆေဒက်စ်ကာတိုက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော USS ရော့စ်နဲ့ တော်ဝင်ရေတပ်က ကင်းထောက်သင်္ဘော HMS ထရန့်တ် တို့ဟာ ဇူလိုင် ၆ ရက်ကစပြီး ပင်လယ်ပြင် လေ့ကျင့်ရေးတွေမှာ ပါဝင် လေ့ကျင့်မယ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။
မြောက်အတ္တလန္တိတ် မဟာမိတ်နိုင်ငံများအဖွဲ့ နေတိုးနဲ့ ရုရှားအစိုးရကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ခုလို စစ်ရေးလေ့ကျင့်နေတာပါ။
အမေရိကန်မြို့တော် အခြေစိုက် ရုရှားသံရုံးက ဒီလေ့ကျင့်မှုတွေကို ဖျက်သိမ်းဖို့ ဆော်သြခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း သူ့နိုင်ငံလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်လာရင် တုံ့ပြန်မယ်လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းပိုင်နက် ခရိုင်းမီးယားကို သိမ်းပိုက်အပြီး ယူကရိန်း အရှေ့ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေအတွက် ရုရှားက ထောက်ပံ့ခဲ့လို့ ယူကရိန်း အစိုးရနဲ့ ရုရှားအစိုးရတွေကြား ဆက်ဆံရေး ထိုးဆင်းလာနေတယ်လို့ ရိုက်တာက ပြောပါတယ်။
ဒီနှစ်ထဲမှာ ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်တပ်တွေ တိုးမြှင့်ချထားအပြီးမှာတော့ တင်းမာမှုတွေ ထပ်ပြီး ထိုးတက်သွားခဲ့ပါတယ်။