ဘန်ကောက်နှင့် ပတ်ဝန်းကျင်တွင် ကိုဗစ်စည်းကမ်းများ ပိုမိုတင်းကျပ်ချမှတ်

ထိုင်းအစိုးရဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး အချိန်တနှစ်ကျော် ကာလအတွင်း အတင်းကျပ်ဆုံး စည်းကမ်းကန့်သတ်ချက်တွေကို ဘန်ကောက်မြို့တော်နဲ့ ပတ်ဝန်းကျင်က ခရိုင်တွေအတွက် ဇူလိုင် ၁၂ရက်က စတင် ကျင့်သုံးလိုက်ပါတယ်။
ကန့်သတ်ချက် အသစ်ထဲမှာ အသွားအလာနဲ့ လူစုလူဝေးတွေကို ထိန်းချုပ် ကန့်သတ်တဲ့အပြင် လေကြောင်းလိုင်းတွေနဲ့ ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲတာကို ကျယ်ကျယ်ပြန့်ပြန့် ဆိုင်းငံ့ခဲ့တာပါ။
ကူးစက်မှု အချက်အခြာဖြစ်နေတဲ့ ဘန်ကောက်မြို့ထဲနဲ့ ပတ်ဝန်းကျင်က ပြည်သူတွေ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မဖြစ်မနေ မဟုတ်ဘဲ ခရီးသွားတာကို ထိန်းချုပ်ကန့်သတ်ဖို့ မြို့တော်ဘန်ကောက်မှာ စစ်ဆေးရေးစခန်း ၈၈ ခု အပါအဝင် ကူးစက်ဘေး မြင့်တဲ့ ခရိုင် ၁၀ ခုမှာ စစ်ဆေးရေး စခန်း ၁၄၅ ခုကို ဖွင့်လှစ်ခဲ့ပါတယ်။
စံချိန်တင်လုနီးပါး ကူးစက်သေဆုံးမှု တွေအပြီး ကူးစက်မှု ထိန်းချုပ်ဖို့ ညမထွက်ရအမိန့်၊ ကုန်တိုက်တွေ ပိတ်ဖို့နဲ့ လူငါးယောက်ထက် ပိုပြီး မစုဝေးဖို့ ကန့်သတ်တာတွေ အပါအဝင် သီတင်းပတ် ၂ပတ်ကြာ ကျင့်သုံးရမယ့် ကန့်သတ်ချက်တွေကို ထုတ်ပြန်ထား ပါတယ်။
ထိုင်းနိုင်ငံမှာ တနင်္လာတရက်တည်းမှာ ကူးစက်ခံ အသစ် ၈၆၅၆ ယောက်နဲ့ ကူးစက်ခံ သေဆုံးသူ အယောက် ၈၀ ရှိထားပြီး စုစုပေါင်း ကူးစက်ခံ ၃၄၅,၀၀၀ ကျော်နဲ့ ကူးစက်ခံ သေဆုံးသူ ၂၇၉၁ ယောက် ရှိနေပါတယ်။
တရုတ် ကာကွယ်ဆေး စီနိုဗက်ထိုးဆေးတလုံး ထိုးပြီးသူတွေကို အဲ့စ်ထရာ ဇေနေကာ ကုမ္ပဏီထုတ် ဗိုင်ရယ် ဗက်တာကာကွယ်ဆေး ထိုးဆေးတလုံး ထပ်ထိုးပေးဖို့ စီစဉ်မယ်လို့ ကျန်းမာရေး ဝန်ကြီးက တနင်္လာနေ့မှာ ပြောပါတယ်။
တကယ်လို့ အကောင်အထည် ဖော်ဖြစ်ခဲ့ရင် တရုတ်ဆေးနဲ့ အနောက်တိုင်းဆေး ရောထိုးတဲ့ ပထမဆုံး လူသိရှင်ကြား ကြေညာချက် ဖြစ်လာမှာပါ။ ဒါဟာ အင်မတန် ကူးစက်လွယ်တဲ့ ဗီဇမျိုးကွဲ တွေကို ကာကွယ်နိုင်စွမ်း တိုးမြှင့်ဖို့ ရည်မှန်းထားတာလို့ ကျန်းမာရေး ဝန်ကြီး အာနုတင် ချာန်ဝီရာကူးလ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Photo Credit-Bangkok Post