close

ကိုဗစ်လူနာသစ် ၇ ထောင်ကျော်၏ လေးပုံတစ်ပုံက ပဲခူးတိုင်းမှဖြစ်၊ ကျောက်တံခါးတမြို့ နယ်တည်း ၂၀၀ ကျော်ကူးစက်ခံရ

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက်ရဲ့ လေးပုံတပုံဟာ ပဲခူးတိုင်းဒေသကြီးကဖြစ်ပြီး ကျောက်တံခါးတမြို့နယ်တည်းတင် ၂၀၇ ယောက် ကူးစက်ခံရပြီး အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏ အတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၁,၃၅၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းကျော် ရှိနေတာပါ။

ဒါ့အပြင် လူနာ ၁၄၅ ယောက် ထပ်မံပြီးတော့ အမြင့်ဆုံးစံချိန်တင်သေဆုံးခဲ့တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၄,၁၈၁ ယောက် ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးသူအသစ် ၁၀၉ ယောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၁,၆၇၅ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်းကတော့ ၂၀၈,၃၅၇ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူး တိုင်းဒေသကြီးက ၁,၈၁၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ရန်ကုန်တိုင်း ဒေသကြီးက ၁,၂၂၃ ယောက်၊ နေပြည်တော်က ၅၀၅ ယောက်၊ မွန်ပြည်နယ်က ၅၀၃ ယောက်၊ ရှမ်းပြည်နယ်က  ၅၀၂ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up