ချီလီနိုင်ငံတွင် ကျူးဘားအစိုးရထောက်ခံသူများနှင့် ဆန့်ကျင်သူများ အပြိုင်ဆန္ဒပြ

ချီလီနိုင်ငံရဲ့မြို့တော် ဆန်တီယာဂိုမြို့ရှိ ကျူးဘားကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ ဇူလိုင် ၁၆ ရက်က ကျူးဘားအစိုးရကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ လူအင်အား ၂၀၀ ကျော် ဆန္ဒပြ ထိပ်တိုက်တွေ့ပြီး တချို့ ဒဏ်ရာရသွားပါတယ်။
ကျူးဘားကျွန်းနိုင်ငံကို အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို အဆုံးသတ်ပေးဖို့ ကျူးဘား အစိုးရထောက်ခံ သူတွေက တောင်းဆို ဆန္ဒပြကြတာပါ။
ဒီမှာနေထိုင်တဲ့ ကျူးဘားတွေကို ထောက်ခံအားပေးနေပြီး ဝင်ရောက်စွက်ဖက်မှုကို မလိုလားကြောင်းနဲ့ ကျူးဘားနိုင်ငံက ပြဿနာကို ကျူးဘားအတွင်းမှာပဲ ဖြေရှင်းစေချင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ကျူးဘားအစိုးရကိုဆန့်ကျင်သူတွေကလည်း လွတ်လပ်ခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ကျူးဘားမှာ နေထိုင်ဖို့ မဖြစ်နိုင်၊ ဘာမှလဲ လုပ်ကိုင်လို့မရဘူး။ မိသားစုက ဆာလောင်မွတ်သိပ်နေပြီး၊ ဆေးဝါးမရှိ၊ စားစရာမရှိနဲ့ သူတို့ဆီကို ငွေပို့ပေးဖို့ လိုနေပြီး အရမ်းခက်ခဲတယ်လို့ ပြောပြပါတယ်။
ဆန့်ကျင်ဘက် ဆန္ဒပြအုပ်စုနှစ်ခုအကြားမှာ ချီလီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားခဲ့ရပြီး ဆန္ဒပြသူ တစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ချီလီရဲတပ်ဖွဲ့က ပြောပါတယ်။