ဂိုးသွင်းတိုင်း စာရွက်တွင် မှတ်သားပေးသည့် အသက် ၁ဝဝ ရှိ အဘိုးအိုကို မက်ဆီ ကျေးဇူးတင် စကားပြော

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ သူဂိုးသွင်းတိုင်း စာရွက်မှာ မှတ်သားထားတဲ့ အသက် ၁၀၀ အရွယ် အဘိုးအိုကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
အသက် ၁ဝဝ ရှိ အာဂျင်တီးနား ပရိသတ် ဒွန်ဟာနမ်းဟာ မက်ဆီအမာခံပရိသတ်တစ်ဦးဖြစ်ကာ နိုင်ငံနဲ့ကလပ်အသင်းအတွက် မက်ဆီဂိုးသွင်းပြီးတိုင်း စာရွက်တစ်ခုမှာ ဘော့ပင်နဲ့ မှတ်သားခဲ့တာပါ။
သူမကြည့်ဖြစ်တဲ့ပွဲတွေရှိခဲ့ရင် မြေးဖြစ်သူကို မေးမြန်းပြီး မှတ်သားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မှတ်သားပုံအကြောင်း မြေးဖြစ်သူ ဂျူလီယန်က Tik-Tok ပေါ်မှာတင်ခဲ့ပြီးနောက် အားပေးချီးကျူးမှုတွေရခဲ့ပါတယ်။
အဲဒီအကြောင်းကို မက်ဆီကလည်း သိရှိသွားခဲ့ပြီးနောက်မှာ Vedio Call ခေါ်ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့တာပါ။
“ကျနော့်ရဲ့ ဂိုးတွေကို စာရွက်ပေါ်ချရေးပြီး မှတ်သားပေးတာသိရတော့ တကယ့်ကို အံ့အားသင့်မိပါတယ်။ ဒါကြောင့်လည်း အဘိုးရဲ့လုပ်ဆောင်မှုအတွက် ပွေ့ဖက်ချင်ပြီး ကျေးဇူးတင်စကားပြောချင်လို့ ခုလိုလှမ်း ပြောလိုက်တာပါ” လို့ ပြောပါတယ်။
မက်ဆီအမာခံပရိသတ်ဖြစ်သူ ဟာနမ်းကတော့ မက်ဆီရဲ့ အလေးထားဆက်ဆံမှုကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ပြီး နောက်ဆုံး အချိန်အထိ ဆက်လက်မှတ်သားနေမယ်လို့ ပြောခဲ့ပါတယ်။