close

“အာဇာနည်မျိုးသေရိုးမရှိ” အလေးပြုသပိတ်၊ ဟွန်းတီးသပိတ် ပြည်သူအားလုံး ပါဝင်နိုင်

ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ နိုင်ငံတဝန်း ပြုလုပ်ကြမယ့် အလေးပြုသပိတ်၊ ဟွန်းတီးသပိတ်မှာ ပြည်သူအားလုံး ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီသပိတ်မှာတော့ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက်တိုက်ပွဲ၀င်ရင်း ကျဆုံးခဲ့ရတဲ့ ဘာမထီသူရဲကောင်းတွေကို အလေးပြုတဲ့အနေနဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အတိမှာ ပြည်သူတိုင်း ကားတွေဟွန်းတီးကြ၊ ရောက်ရာနေရာမှာရပ်ပြီး အလေးပြုကြပြီး ပါဝင်နိုင် သလို  အိမ်မှာနေတဲ့ ပြည်သူတွေကလည်း အိမ်ရှေ့ထွက်ပြီး အလေးပြုကာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင်ကြီး ၈ ယောက်နဲ့ ကိုယ်ရံတော် ၁ ယောက် လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာဟာ အခုနှစ်မှာ ၇၄ နှစ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနေ့မှာတော့ အစိုးရရုံးတွေ၊ ဈေးဆိုင်တွေကို  ပိတ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အလံကို တိုင်တဝက်လွှင့်ထူထားကြလေ့ရှိပြီး အာဇာနည်နေ့အခမ်းအနားကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည်ဗိမာန်မှာ နှစ်စဉ်ကျင်းပလေ့ရှိတာပါ။

ပြီးခဲ့တဲ့နှစ်က ၇၃ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစု ဝင်တွေ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ 

အခုနှစ်မှာတော့ စစ်တပ်ကအာဏာသိမ်းထားပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့တာမို့  ဒေါ်အောင်ဆန်းကြည်ကို တက်ရောက်ခွင့် ပြုမယ်မပြုမယ် မသေချာသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up